Vietnam

၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံရှိ လေဆိပ်များသည် ခရီးသွားဧည့်သည် ၁၀၉ သန်းကို ဝန်ဆောင်မှုပေးခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံရှိ လေဆိပ်များသည် ၂၀၂၄ ခုနှစ်အတွင်း ခရီးသည် ၁၀၉ သန်းကို ဝန်ဆောင်မှုပေးခဲ့ပြီး နှစ်စဉ်လျာထားချက်၏ ၉၆ ရာခိုင်နှုန်းရှိကာ ဗီယက်နမ်လေဆိပ် ကော်ပိုရေး ရှင်း (ACV) အတွက် ဝင်ငွေ ဗီယက်နမ်ဒေါင် ၂၁,၄၆၆ ဘီလီယံရရှိခဲ့ကြောင်း The Saigon  Times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

နိုင်ငံတကာခရီးသည် ၄၁ သန်းထိရောက်ရှိခဲ့ပြီး ၂၆ ရာခိုင်နှုန်း သိသိသာသာတိုးလာကြောင်း၊ ပြည်တွင်းခရီးသည် ၆၈ သန်းရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်း လျော့ကျ သွားခဲ့ကြောင်း၊ လေယာဉ် ပျံသန်းမှုကြိမ်ရေ စုစုပေါင်း ၆၆၃,၀၀၀ ရှိပြီး ယခင်နှစ်ထက် ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်တွင် ACV သည် ဝင်ငွေဗီယက်နမ်ဒေါင် ၂၁,၄၆၆ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၈ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း၊ အခွန်မပေးဆောင်မီ အမြတ်ငွေ ဗီယက်နမ်ဒေါင် ၁၁,၉၈၁ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၅ ရာခိုင်နှုန်းတိုးလာကာ နိုင်ငံတော်ဘတ်ဂျက်သို့ ဗီယက်နမ်ဒေါင် ၄,၄၈၉ ဘီလီယံ ထည့်ဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွက် ACV သည် ခရီးသည် ၁၁၈.၉ သန်းကို ဝန်ဆောင်မှုပေးနိုင်ရန် ရည်မှန်းထားပြီး ၇.၄ ရာခိုင်နှုန်းတိုးလာမည်ဟု ခန့်မှန်းထားပါသည်။ အဆိုပါ ခန့်မှန်းချက်တွင် နိုင်ငံတကာ ခရီးသည် ၄၄ သန်းပါဝင်ပြီး ၇.၂ ရာခိုင်နှုန်းနှင့် ပြည်တွင်းခရီးသည် ၇၂.၉ သန်းရှိကာ ၇.၄ ရာခိုင်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်အတွက် ACV သည် ဝင်ငွေ ဗီယက်နမ်ဒေါင် ၂၁,၇၈၂ ဘီလီယံကို ရည်မှန်းထားပြီး အသားတင်ဝင်ငွေမှာ ဗီယက်နမ်ဒေါင် ၂၀,၉၁၈ ဘီလီယံ ရောက်ရှိရန်နှင့် ဘဏ္ဍာရေးဝင်ငွေမှာ ၅၀ ရာခိုင်နှုန်းကျဆင်းကာ ၈၆၄ ဘီလီယံအထိ ‌ရောက်ရှိမည်ဟုခန့်မှန်းထားပါသည်။ အခွန်မပေးသွင်းမီ ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၀,၇၁၃ ဘီလီယံအထိ ရောက်ရှိရန် ခန့်မှန်းထား ကြောင်း သိရှိရပါသည်။

ကော်ပိုရေးရှင်းသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေဆိပ်စနစ်ကို အဆင့်မြှင့်တင်ရန် အတွက် အဓိကကျသောစီမံကိန်းများကို ၂၀၂၅ ခုနှစ်တွင် စတင်ရန်စီစဉ်ထားပြီး အဓိကစီမံကိန်း များတွင် Tan Son Nhat Terminal T3 ပြီးစီးခြင်း၊ Noi Boi Terminal T2 တိုးချဲ့ခြင်းနှင့် Cat Bi ၊ Ca Mau နှင့် Dong Hai လေဆိပ်များတွင် Terminal အသစ်များဖွင့်လှစ်ခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

Source: The Saigon Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam