ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ သစ်သီးရာသီ ပိတ်သိမ်းချိန်သို့ နီးကပ်လာပြီဖြစ်သဖြင့် ဒူးရင်းသီး၊ မင်းဂွတ်သီး၊ ကြက်မောက်သီး၊ ကနစိုသီး နှင့် သရက်သီးဈေးနှုန်းများ မြင့်တက်လာလျက်ရှိကြောင်း သိရှိရပါသည်။
ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၄ ခုနှစ်အတွင်း သစ်သီး ထုတ်လုပ်မှုနှင့် ဈေးနှုန်းများကို စောင့်ကြည့်လျက်ရှိကြောင်း၊ ရာသီကုန်ဆုံးတော့မည်ဖြစ်ပြီး သစ်သီးအမျိုးအစား အားလုံး၏ ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ အဓိက အစီအမံ ၆ ခုနှင့် ဆောင်ရွက်မှု ၂၅ ခု ပါဝင်သော ၂၀၂၄ ခုနှစ် သစ်သီးစီမံခန့်ခွဲမှု အစီအစဉ်ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ခဲ့ပါကြောင်း၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးသည် ပြည်တွင်းဈေးကွက်ချဲ့ထွင်ရန်၊ ဈေးကွက်သစ်များသို့ ပို့ကုန်တိုးချဲ့ရန်နှင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ရန် အားပေးလျက်ရှိရာ ကြိုတင်ပြင်ဆင်ခြင်းများကို သစ်သီးများ ဈေးကွက်အတွင်းသို့ မဝင်ရောက်မီ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သစ်သီးရာသီကို အောင်မြင်စွာ ပိတ်သိမ်းနိုင်ခဲ့ပြီး ဈေးနှုန်းမြင့်မားရရှိ၍ ဝင်ငွေ တိုးမြှင့်ခဲ့သော တောင်သူများအတွက် ရွှေရောင်နှစ်တစ်နှစ် ထပ်မံရရှိသကဲ့သို့ ဖြစ်ကြောင်း၊ ဝန်ကြီးက လာမည့်နှစ် သစ်သီးရာသီအတွက် အစီအမံများ ကြိုတင်စီစဉ်ထားရန် လမ်းညွှန်ထားပါကြောင်း၊ ယင်းအစီအမံများ သည် ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ ပြည်တွင်းနှင့် ပြည်ပဈေးကွက်များသို့ တိုးချဲ့ခြင်း၊ ကုန်သွယ်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် ဥပဒေအစီအမံများကို အသုံးချနိုင်ရေးတို့ဖြစ်ကြောင်း၊ ၂၀၂၅ သစ်သီး စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်ပြီးပါက အစီအမံများကို တက်ကြွစွာဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိကကဏ္ဍတို့နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ထိုင်းအရှေ့ခြမ်း သစ်သီးရာသီသည် သစ်သီးဈေးနှုန်းအမြင့်ဖြင့် ပိတ်သိမ်းခဲ့ပြီဖြစ်ကြောင်း၊ တောင်ပိုင်းသည် ပိတ်သိမ်းခါနီးဖြစ်နေပြီး ဒူးရင်း ၉၈.၆ ရာခိုင်နှုန်းသည် ခူးဆွတ်ပြီးဖြစ်ပါကြောင်း၊ မြောက်ပိုင်းသည်လည်း သစ်သီးရာသီ ပိတ်သိမ်းရန် နီးကပ်လာပြီး သရက်သီးထုတ်လုပ်မှုသည် ပြီးဆုံး သွားပြီဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း လတ်ဆတ်သစ်သီး ၁.၄ သန်း တန် တင်ပို့နိုင်ခဲ့ပြီး ဘတ် ၁၅၀ ဘီလီယံ ရရှိခဲ့ပါကြောင်း၊ တရုတ်သည် ဝယ်လိုအား ကောင်းနေဆဲဖြစ်သဖြင့် အဓိက ပို့ကုန်ဈေးကွက် ဖြစ်နေဆဲဖြစ်ကြောင်း၊ အခြားသော ပို့ကုန်ဈေးကွက်များဖြစ်သည့် တောင်ကိုရီးယား၊ ဟောင်ကောင်နှင့် မလေးရှားတို့သည်လည်း ထိုင်းနိုင်ငံမှ လတ်ဆတ်သစ်သီးများ တင်သွင်းမှုမြင့်တက်လာလျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံ၌ တောင်သူများ၏ ဝင်ငွေ တည်ငြိမ်စေရေးနှင့် ဈေးကွက်ခိုင်မာမှုရှိစေရေးအတွက် သစ်သီးများ ဈေးကွက်အတွင်းသို့ မဝင်ရောက်မီ သစ်သီးထုတ်လုပ်မှုနှင့် ဈေးနှုန်းစီမံခန့်ခွဲသည့် အစီအမံ ကြိုတင်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။