ထိုင်းနိုင်ငံ၌ ခရီးသွားခွန် ဘတ် ၃၀၀ ကောက်ခံခြင်းကို ပထမအဆင့်အနေဖြင့် လေကြောင်းဖြင့် ခရီးသွားမှုတွင် စတင်သွားမည်ဖြစ်ပြီး စနစ်တစ်ခုမစတင်မီ အနည်းဆုံး ၆ လ ခန့်လိုအပ်ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။
ဝန်ကြီးဌာနအနေဖြင့် အစီအစဉ်အသေးစိတ်ကို ဇန်နဝါရီလအတွင်း၌ အစိုးရအဖွဲ့သို့ တင်ပြသွားရန် ပြန်လည်သုံးသပ်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းကို ၂၀၂၃ ခုနှစ်၌ ပရာယွတ်ချန်အိုချာ ဦးဆောင်သည့် ယခင် အစိုးရလက်ထက်က ခွင့်ပြုခဲ့ပြီးဖြစ်သော်လည်း ယခုအစိုးရသစ်လက်ထက်၌ ဘုံသဘောတူညီချက်ရရှိနိုင်ရေး တင်ပြခြင်းဖြစ်ကြောင်း၊ အခွန်စတင်ကောက်ခံခြင်းကို လေကြောင်းဖြင့် ခရီးသွားမှုတွင် စတင်သွားရန်ဖြစ်ပြီး စနစ်တစ်ခု အထိုင်ချပြီးပါက ဒုတိယအဆင့်တွင် ကုန်းလမ်းဖြင့် လာရောက်သူများအပေါ် ကောက်ခံမည်ဖြစ်ကြောင်း၊ လေကြောင်းဖြင့် လာရောက်သူများသည် စုစုပေါင်း ခရီးသွားများ၏ ၇၀ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာကိစ္စရပ်များကို Krungthai ဘဏ် က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ကြီး H.E Mr. Sorawong Thienthong က ပြောကြားခဲ့သည်။
ခရီးသွားများအနေဖြင့် ဝက်ဘ်ဆိုဒ် သို့မဟုတ် နောက်တစ်ဆင့်တွင် ရေးဆွဲသွားမည့် Applica-tion မှတစ်ဆင့် ပေးချေနိုင်ကြောင်း၊ ပေးချေမှုပုံစံသည် တောင်ကိုရီးယားနိုင်ငံက အသုံးပြုလျက်ရှိသည့် ကိုရီးယားနိုင်ငံအတွင်းသို့ မဝင်ရောက်မီ နိုင်ငံခြားခရီးသွားများအနေဖြင့် မှတ်ပုံတင်ပြီးနောက် ငွေပေးချေမှုဆောင်ရွက်ရန် လိုအပ်သော K-ETA မှတ်ပုံတင်စနစ်ဖြင့် ဆင်တူပါကြောင်း၊ အစိုးရက စီမံကိန်းအပေါ် အတည်ပြုပြီးပါက ဝန်ကြီးဌာနအနေဖြင့် Software ရေးဆွဲသူများနှင့် ခရီးသွားများအတွက် အာမခံမူဝါဒများပေးနိုင်ရေးအတွက် အာမခံကုမ္ပဏီများ ငှားရမ်းနိုင်မည့် ဝယ်ယူရေးလုပ်ငန်း စဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အထူးအာမခံနှုန်းထားမှာ ခရီးသွား ၁ ဦးလျှင် ဘတ် ၆၀ ထက်မပိုပါကြောင်း၊ အကာအကွယ်ပေးနိုင်မှု ကာလမှာ ရက်ပေါင်း ၃၀ ဖြစ်ပြီး ခရီးသွား ၈၇ ရာခိုင်နှုန်း၏ ပျမ်းမျှနေထိုင်နှုန်းသည် ၁ လထက် မပိုပါကြောင်း၊ လျော်ကြေးငွေပမာဏမှာ ထိုင်းခရီးသွားမူဝါဒအတိုင်း မတော်တဆမှုဖြင့် သေဆုံးခဲ့လျှင် ဘတ် ၁ သန်းနှင့် ထိခိုက်မှုဖြစ်ခဲ့လျှင် ဘတ် ၅၀၀,၀၀၀ ဖြစ်ကြောင်း၊ ယခင် အစိုးရက ကုန်းလမ်းနှင့် ရေလမ်းမှ ဝင်ရောက်လာသူများအတွက် ဘတ် ၁၅၀ သာ သတ်မှတ်ထားခဲ့သောကြောင့် ဝင်ပေါက်အားလုံးမှ ဝင်ရောက်မှုတွင် ခွဲခြားမှုမဖြစ်စေရေးအတွက် ဘတ် ၃၀၀ ကောက်ခံမှုကို ချိန်ညှိနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ လေ့လာထားမှုအရ ကုန်သွယ်ရေးရည်ရွယ်ချက်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသူများအနေဖြင့် နယ်စပ်ဖြတ်သန်းခွင့်ကို အသုံးပြုနိုင်ပြီး အခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ရရှိနိုင်ကြောင်း သိရှိရပါသည်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသည့် ခရီးသွားများအပေါ် ခရီးသွားခွန် ဘတ် ၃၀၀ ကောက်ခံနိုင်ရေး ဆောင်ရွက်မှုပင်ဖြစ်ပါသည်။ အဆိုပါ ကောက်ခံရေးစနစ်သည် ကိုရီးယားနိုင်ငံ၏ ခရီးသွားများအပေါ် ကောက်ခံသည့် ပုံစံကို နမူနာယူထားခြင်းဖြစ်ပြီး ပထမအဆင့်တွင် လေကြောင်းလမ်းဖြင့် ဝင်ရောက်လာသူများအပေါ်တွင် ကောက်ခံရန် လျာထားကြောင်း လေ့လာသိရှိရပါသည်။ ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများအနက် ၇၀ ရာခိုင်နှုန်းသည် လေကြောင်းလမ်းမှဖြစ်ပြီး ကုန်းလမ်းနှင့် ရေကြောင်းဖြင့် ဝင်ရောက်လာသူများလည်း ရှိပါသည်။ ကုန်သွယ်ရေး ရည်ရွယ်ချက်ဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသူများအနေဖြင့် ခရီးသွားခွန်ကင်းလွတ်ခွင့် ရရှိနိုင်ကြောင်း လေ့လာသိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။