ထိုင်းနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေတောင်းခံရာ၌ နှစ်ရှည်ပင်များကို အပေါင်ပစ္စည်းအဖြစ် ထားရှိနိုင်ရေး ဆောင်ရွက်ချက်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
ယင်းသို့ ဆောင်ရွက်ခြင်းသည် တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ၎င်းတို့၏ သဘာဝ ရင်းမြစ်များ၏ တန်ဖိုးကို မြှင့်တင်ခြင်းဖြင့် ဘဏ္ဍာငွေရရှိနိုင်ရေးဖြစ်ကြောင်း၊ နှစ်ရှည်ပင်များကို အပေါင်အဖြစ်အသုံးပြုနိုင်ရုံမက ထိုင်းနိုင်ငံ၌ မြင့်တက်လာလျက်ရှိသော သဘာဝဘေးအန္တရာယ်များကို လျော့ပါးစေမည့် သစ်တောထိန်းသိမ်းခြင်းဖြင့် ကာဗွန်ခရက်ဒစ်ရောင်းချနိုင်သည့် အနာဂတ်ဝင်ငွေရလမ်းတစ်ခုပါဖြစ်ပါကြောင်း၊ “Promoting Perennial Trees as Business Collateral” အခမ်းအနားကို ရတ်ချဘူရိပြည်နယ်တွင် ကျင်းပခဲ့ပြီး ယင်းသို့ ဆောင်ရွက်ခြင်းသည် နိုင်ငံ၏ စီးပွားရေး မောင်းနှင်ရာတွင် အရေးပါသော တောင်သူများအတွက် ဘဏ္ဍာငွေရရှိနိုင်မှုကို ချဲ့ထွင်နိုင်သည့် အစိုးရ၏ မူဝါဒများနှင့် ကိုက်ညီပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Ms. Auramon Supthaweethum က ပြောကြားခဲ့သည်။
နှစ်ရှည်ပင်များကို စီးပွားရေးလုပ်ငန်း အပေါင်ပစ္စည်းအဖြစ် အသုံးပြုခြင်းဖြင့် တောင်သူများ သည် ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့နိုင်ခြင်း၊ ဝင်ငွေတိုးမြှင့်နိုင်ခြင်းနှင့် ဘဝနေထိုင်မှုပုံစံ စဉ်ဆက်မပြတ်စေခြင်းအပြင် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် သစ်တောများ ပြုန်းတီးမှုကြောင့် ရေကြီးခြင်းအပါအဝင် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ပေးနိုင်သည့် သစ်တောများကို ထိန်းသိမ်းရာလည်း ရောက်ပါကြောင်း၊ ယခုနှစ်တွင် ချင်းရိုင်နှင့် ရတ်ချဘူရိတွင် ဆောင်ရွက်မည်ဖြစ်ပြီး လာမည့်နှစ်တွင် ထိုင်းနိုင်ငံတစ်ဝှမ်းတွင် တိုးချဲ့သွားမည်ဖြစ်ကြောင်း၊ ဦးစီးဌာနအနေဖြင့် နှစ်ရှည်ပင်များကို စီးပွားရေးလုပ်ငန်းအပေါင်အဖြစ် အသုံးပြုနိုင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ဥပဒေကျွမ်းကျင်ပညာရှင်များ၊ Tree Bank Project မှ ပညာရှင်များနှင့် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် တောင်သူများကို စီးပွားရေးလုပ်ငန်းအပေါင်ဆိုင်ရာ ဥပဒေများကို ဗဟုသုတရစေပြီး ၎င်းတို့၏ မြေယာတွင် ချေးငွေအပေါင်အဖြစ် အသုံးပြုနိုင်မည့် သစ်ပင်များကို မည်သို့စိုက်ပျိုးသင့်ကို အသေးစိတ်ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များ၏ တန်ဖိုးကို မည်သို့ရယူရမည်နှင့် ထပ်လောင်းတန်ဖိုးများရရှိရန် သစ်ပင်များမှ သိုလှောင်ထားသည့် ကာဗွန်ခရက်ဒစ်များကို မည်သို့တွက်ချက်ရမည်ဆိုသည်ကိုလည်း ပြသပေးသွားမည် ဖြစ်ကြောင်း၊ နှစ်ရှည်ပင်များကို ဖြတ်တောက်ရန် သို့မဟုတ် သစ်တောများကို ဖျက်စီးရန် မလိုအပ်ဘဲ အပေါင်ပစ္စည်း အဖြစ် အသုံးပြုနိုင်ကြောင်း၊ ကမ္ဘာ့အနှံ့ရှိ လုပ်ငန်းများသည် ၎င်းတို့၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို ခုနှိမ်ရန်ရည်ရွယ်လာကြသဖြင့် ကာဗွန်ခရက်ဒစ်များသည် ကမ္ဘာ့ကုန်စည်တစ်ခုဖြစ်လာပါကြောင်း ဆက်လက်ပြောကြားခဲ့သည်။
စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်သည် ဒေသခံအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်၍ သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းတို့၏ အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြ သွားမည်ဖြစ်ကြောင်း၊ လာမည့် ၅ နှစ်တာကာလအတွင်း စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်က ကာဗွန်ခရက်ဒစ်များ ၁ တန်လျှင် ၃,၀၀၀ ဘတ်ဖြင့် တန်ချိန် ၅၀၀,၀၀၀ ဝယ်ယူရန် ရည်မှန်းထားပါကြောင်း၊ စီမံကိန်းသည် ထိုင်းတောင်သူများအတွက် တူညီသောအခွင့်အလမ်းများ မြှင့်တင်မည့် ခြေလှမ်းဖြစ်ပြီး သစ်တောကဏ္ဍ၏ ရေရှည်တည်တံ့ရေးကိုလည်း သေချာစေပါကြောင်း၊ စက်တင် ဘာလ ၃၀ ရက်နေ့ စာရင်းအရ ၂၆ ပြည်နယ်တွင် စီးပွားရေးလုပ်ငန်း အပေါင်အဖြစ် မှတ်ပုံတင်ထား သော သစ်ပင် ၁၅၉,၇၆၁ ပင်ရှိပြီး တန်ဖိုးအားဖြင့် ဘတ် ၁၆၄ သန်းဖြစ်ပါကြောင်း၊ ရတ်ချဘူရိရှိ တောင်သူများသည် နှစ်ရှည်ပင်များကို အပေါင်ပစ္စည်းအဖြစ် အသုံးပြုနေပြီဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
၂၀၁၆ ခုနှစ် ဇူလိုင်လမှစ၍ Secured Transaction Act အရ နှစ်ရှည်ပင်များကို အပေါင်ပစ္စည်း အဖြစ် အသုံးပြုနိုင်ပြီး ၂၀၁၈ ခုနှစ်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လုပ်ကိုင်ခွင့်အတွက် ၂၀၁၈ ခုနှစ်တွင် လုပ်ငန်းညွှန်းတမ်းထုတ်ပြန်ခဲ့ပါကြောင်း၊ ယခင်က သစ်ပင်အမျိုးအစား ၅၈ မျိုးကိုသာ အသုံးပြုနိုင်သော်လည်း ၂၀၁၉ ခုနှစ်တွင် နှစ်ရှည်ပင်အားလုံးကို အသုံးပြုနိုင်ရန် ပြင်ဆင်ပေးခဲ့ပါကြောင်း၊ သို့သော် သစ်ပင်များသည် ကိုယ်ပိုင်မြေပေါ်တွင် စိုက်ပျိုးထားရမည်ဖြစ်ပြီး စိုက်ပျိုးရေး အသွင်ပြောင်းထားသည့် မြေပေါ်တွင် စိုက်ပျိုးထားသည့် သစ်ပင်များကို အပေါင်ပစ္စည်းအဖြစ် အသုံးမပြုနိုင်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။