Russia

ရုရှားဗဟိုဘဏ်က အလုပ်သမားရှားပါးမှု တိုးလာကြောင်း ပြောကြား

Last Updated:

ရုရှားနိုင်ငံတွင် အလုပ်သမားဈေးကွက်သည် ခက်ခဲနေဆဲဖြစ်ပြီး လုပ်သားအရင်း အမြစ်ရှားပါးမှုသည် စက်မှုလုပ်ငန်းအများအပြားတွင် ကြီးထွားလာနေကြောင်း၊ ဝန်ထမ်း ရှားပါးမှုပြဿနာသည် ပိုမိုဆိုးရွားလာနေကြောင်း ရုရှားဗဟိုဘဏ် ဥက္ကဋ္ဌ Ms. Elvira Nabiullina က ဒါရိုက်တာဘုတ်အဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အလုပ်သမားဈေးကွက်သည် ခက်ခဲနေဆဲဖြစ်ပြီး အလုပ်လက်မဲ့နှုန်းသည် သမိုင်းဝင် အနိမ့်ဆုံးအဆင့်တွင် ရှိနေကြောင်း၊ စက်မှုလုပ်ငန်းအမျိုးမျိုးတွင် လုပ်သားကွာဟချက် တိုးလာနေပြီး လုပ်သားများ၏ လုပ်အားခတိုးတက်မှုနှုန်းသည် ကုန်ထုတ်စွမ်းအား တိုးတက်မှု နှုန်းထက် ကျော်လွန်နေကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် ရုရှားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းသည် ပျမ်းမျှ ၃.၂ ရာခိုင်နှုန်း ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်လအထိ အလုပ်လက်မဲ့နှုန်းသည် ၂.၅ ရာခိုင်နှုန်းထိ ဆက်လက်ကျဆင်း လျက်ရှိကြောင်း ရုရှားဖက်ဒရယ်စာရင်းအင်းဌာန(Rosstat)၏ အချက်အလက်များအရ သိရှိရသည်။

ရုရှားနိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်သောအခြေအနေတွင် ရှိနေသော်လည်း နိုင်ငံ အတွင်း အလုပ်လက်မဲ့မရှိသလောက်ဖြစ်နေ၍ လုပ်သားဈေးကွက် အပြည့်အဝဖြည့်ဆည်း ပေးရန် လိုအပ်နေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အစောပိုင်းတွင် မှတ်ချက်ပြု ခဲ့ဖူးသည်။

လက်ရှိတွင် ရုရှားနိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် အနိမ့်ဆုံးသို့ ရောက်ရှိနေပြီး ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်ရုံလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်း များတွင်  လုပ်သားအင်အားရှားပါးမှုကို ကြုံတွေ့နေရသဖြင့် အဆိုပါလုပ်ငန်းများတွင် လိုအပ်သောအလုပ်သမားများ ဖြည့်ဆည်းပေးနိုင်ရေး မြန်မာနိုင်ငံအပါအဝင် အရှေ့တောင် အာရှနိုင်ငံများနှင့် ဖော်ရွှေသောနိုင်ငံများမှ ရုရှားနိုင်ငံသို့ ခေါ်ယူခန့်အပ်နိုင်ရေး ရုရှား အလုပ်သမားအေဂျင်စီများမှတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source :       https://ria.ru/20241025/trud-1980074385.html

(စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

 

Category: Russia