ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး နှင့် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဒီဂျစ်တယ် စီးပွားရေးတို့တွင် စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို မောင်းနှင်နိုင်ရန် မဟာ ဗျူဟာများအပေါ် လေ့လာသုံးသပ်တင်ပြနိုင်ရေးအတွက် The International Institute for Trade and Development (ITD) က ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
အင်စတီကျုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သည်ကြီးများအသင်းနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ်တို့ထံ တင်ပြသွားမည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ဗဟုသုတပြည့်စုံကြွယ်ဝသည့် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ဦးဆောင်သူများ ပါဝင်တက်ရောက်ခဲ့သည့် ခေါင်းဆောင်မှုအစီအစဉ်မှ ရှာဖွေတွေ့ရှိ ချက်များကို အခြေခံ၍ နိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာများကို ချမှတ်၍ အဆိုပြု တင်ပြသွားမည်ဖြစ်ကြောင်း၊ အဓိကစက်မှုနယ်ပယ် (၄) ခုအတွက် မူဝါဒပိုင်းဆိုင်ရာ ထောက်ခံချက်များကို အဆိုပြုသွားမည်ဖြစ်ကြောင်း ITD အကြီးတန်းဒါရိုက်တာ Mr. Suphakit Chare-onkul က ပြောကြားခဲ့ပါသည်။
ခရီးသွားလုပ်ငန်းကဏ္ဍနှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝှမ်းရှိ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်နှင့် ယင်းနယ်ပယ်ကို စဉ်ဆက်မပြတ်ရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ခရီးသွားလုပ် ငန်းမှ GDP တွင် ၂၀ ရာခိုင်နှုန်း ပါဝင်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွားဦးရေ သန်း ၄၀ ထိ လာရောက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် ကျဆင်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်၌ ၃၀ ရာခိုင်နှုန်းကျော် တိုးတက်မှုရှိခဲ့ပါကြောင်း၊ တရုတ်ခရီးသွားဦးရေ ၂ သန်း၊ မလေးရှားခရီးသွားဦးရေ ၁.၃၉ သန်း၊ ရုရှား ၆၉၅,၆၂၄ ဦး၊ တောင်ကိုရီးယား ၆၁၉,၁၈၆ ဦးနှင့် အိန္ဒိယ ၅၄၆,၉၃၅ ဦး ဝင် ရောက်ခဲ့ပါကြောင်း၊ တရုတ်ခရီးသွားများဝင်ရောက်မှု ကျဆင်းလာခဲ့ခြင်းသည် ထိုင်းနိုင်ငံအတွက် စိန်ခေါ်မှုများဖြစ်စေပါကြောင်း၊ အစီအစဉ်တွင် ပါဝင်သူများက ခရီးသွားအရေအတွက်ထက် အရည် အသွေးကို ဦးစားပေးသင့်ပြီး ဒုတိယမြို့တော်များကို ခရီးသွားများဦးတည်နိုင်သည့် နေရာသစ်များ အဖြစ် ကြေညာသင့်ကြောင်း အကြံပြုထားပါသည်။
ခရီးသွားလုပ်ငန်းကို အစားအစာ၊ သယ်ယူပို့ဆောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့နှင့် ပေါင်းစပ်သင့်ပြီး ဟင်းလျာ၊ အနုပညာနှင့် ပွဲတော်များတွင် Soft Power ကို အသုံးပြုခြင်းဖြင့် ခရီးသွား ကဏ္ဍကို မြှင့်တင်သင့်ကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ခရီးသွားအချက်အလက်များကို စုပေါင်းထားသည့် Sabuy-Sabuy Application ကဲ့သို့သော ခေတ်မီနည်းပညာနှင့် အချက်အလက် များကို မြှင့်တင်သင့်ကြောင်း သုံးသပ်ထားပါသည်။
စိုက်ပျိုးရေးသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသော အခန်းကဏ္ဍဖြစ်ပြီး ပြည်သူ ၁၉ သန်း အလုပ်လုပ်ကိုင်လျက်ရှိသော်လည်း GDP တွင် ၈ ရာခိုင်နှုန်းသာ ပါဝင်ပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဈေးကွက်လိုလားချက်၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများနှင့် ခေတ်မီနည်း ပညာများကို ဖြေရှင်းပေးနိုင်မည့် စိုက်ပျိုးရေးမူဝါဒများကို ပြင်ဆင်သင့်ကြောင်း၊ ယင်းသို့ ဆောင်ရွက် ခြင်းသည် စီမံခန့်ခွဲမှုစွမ်းရည်နှင့် ဖွံ့ဖြိုးတိုးတက်မှုကို တိုးတက်စေမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု စွမ်း ရည်ကို မြှင့်တင်ရန်မှာ စိုက်ပျိုးရေးဆိုင်ရာ တီထွင်ဆန်းသစ်မှုများနှင့် နည်းပညာများကို မြှင့်တင်သင့် ကြောင်း၊ သီးနှံဈေးနှုန်းများကို အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်နိုင်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သက်ရောက်မှုများကို ခန့်မှန်းနိုင်သည့် Super Smart Agri Map သည် တောင်သူများနှင့် လုပ်ငန်း ရှင်များ၏ မဟာဗျူဟာကျသော အစီအစဉ်များအတွက် ဆောင်ရွက်ပေးကြောင်း သိရှိရပါသည်။
ကျန်းမာရေးနှင့် ဒီဂျစ်တယ်ကဏ္ဍနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများတွင် အားသာချက်များရှိသောကြောင့် ကျန်းမာရေးနှင့် အလှအပ ဆိုင်ရာ ခရီးသွားလုပ်ငန်းအတွက် Thailand Aesthetic Surgery Agency ကို ထူထောင်သင့်ပြီး ယင်း အေဂျင်စီမှ နိုင်ငံခြားသား ဆရာဝန်များအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ဉာဏ်ရည်တု၊ စက်ရုပ်များနှင့် Cutting-edge ဆေးဘက်ဆိုင်ရာ နည်းပညာများနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ တင်ပို့မှုကို မြှင့်တင် ရာတွင် သင်တန်းများဖွင့်လှစ်ပေးနိုင်ရေး တာဝန်ယူဆောင်ရွက်စေမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ်စီးပွား ရေးတွင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် စားသုံးသူအမူအကျင့်ကို လေ့လာ ပေးမည့် ဉာဏ်ရည်တု၊ စီးပွားရေးအခွင့်အလမ်းများကို သတ်မှတ်ပေးရန်နှင့် ပြောင်းလဲလာသော စားသုံးသူလူနေမှုဘဝနှင့်ကိုက်ညီသည့်ထုတ်ကုန်များ ဖန်တီးထုတ်လုပ်ခြင်းဖြင့် ယှဉ်ပြိုင်မှုကို မြှင့်တင်သွားရန် အကြံပြုထားပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။