Thailand

ထိုင်းနိုင်ငံနှင့် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (European Free Trade Association-EFTA) တို့အကြား ပထမဆုံး လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကို အပြီးသတ် ညှိနှိုင်း ပြီးစီးခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပလွတ်လပ်သော ကုန်သွယ်ရေးအသင်း (European Free Trade Associa-tion-EFTA) တို့အကြား ပို့ကုန်အခွင့်အလမ်းများ တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံအတွင်းသို့ ဥရောပရင်းနှီး မြှုပ်နှံသူများ ဖိတ်ခေါ်ရန်ရည်ရွယ်၍ လွတ်လပ်သော ကုန်သွယ်ရေး သဘောတူ စာချုပ်ကို လာမည့်နှစ် ဇန်နဝါရီလအတွင်း လက်မှတ်ရေးထိုးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်နှင့် လစ်ချ်တန်စတိန်းနိုင်ငံတို့ဖြင့် ဖွဲ့စည်း ထားသည့် EFTA တို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်ကို အောင်အောင် မြင်မြင် ညှိနှိုင်းပြီးဖြစ်ကြောင်း၊ အဆိုပါ သဘောတူစာချုပ်သည် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံ ရေးကို ပိုမိုခိုင်မာစေပြီး ပို့ကုန်အခွင့်အလမ်းများကို တိုးချဲ့နိုင်ရုံ သာမက နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများကိုလည်း ဆွဲဆောင်နိုင်မည်ဖြစ်ရာ အဓိကကုန်သွယ်ရေး မိတ်ဖက်များနှင့် FTA များ ရေးထိုး နိုင်ရေး ဆောင်ရွက်ရမည့် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရာရောက် ပါကြောင်း၊ ၂၀၂၂ ခုနှစ် တွင် စတင်ခဲ့သော ညှိနှိုင်းမှုသည် ၂ နှစ်အတွင်း မှန်းထားသည့်ကာလ အတိုင်း အောင်မြင်ခဲ့ပါကြောင်း ဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

ယခု FTA သည် ထိုင်းနိုင်ငံ၏ ဥရောပနိုင်ငံများနှင့် ပထမဆုံးသော FTA ဖြစ်ပြီး ခေတ်မီသော စံနှုန်းများနှင့် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်များကို ဦးတည်ရာ‌ ရောက်ပါကြောင်း၊ ယင်း FTA သည် ဥ‌ရောပသမဂ္ဂကဲ့သို့သော အဓိက မိတ်ဖက်များနှင့် သဘောတူ စာချုပ်များ အတွက် လမ်းကြောင်းကို ပုံဖော်ပေးပါကြောင်း၊ သဘောတူစာချုပ်ကို အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက် ရယူသွားမည်ဖြစ်ပြီး လာမည့်နှစ် ဇန်နဝါရီလအတွင်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ် တွင် ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးသွားနိုင်ရန် စီစဉ်ထားပါကြောင်း၊ လွှတ်တော်ခွင့်ပြုချက်ရရှိပြီးပါက စာချုပ်ကို အတည်ပြုသွားမည်ဖြစ်ပြီး စာချုပ်အကောင်အထည် ဖော်ဆောင်ရွက်ပါက ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ကဖြည့်စွက်ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ပထမ ၁၀ လအတွင်း ထိုင်းနိုင်ငံနှင့် EFTA တို့အကြား ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံထက်ကျော်လွန်ခဲ့ပါကြောင်း၊ အဓိက ပို့ကုန်များမှာ လက်ဝတ် ရတနာ၊ နာရီများ၊ ပင်လယ်စာ စည်သွပ်ဗူးများ၊ ယန္တရားများ၊ အလှကုန်ပစ္စည်းများနှင့် ဆန်တို့ ဖြစ်ပြီး သွင်းကုန်များမှာ ကျောက်မျက်၊ ရွှေ၊ ဆေးဝါး၊ သိပ္ပံဆိုင်ရာပစ္စည်းများနှင့် လတ်ဆတ် ပင်လယ်စာများဖြစ်ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand