USA

အမေရိကန်နိုင်ငံရှိ ကုမ္ပဏီကြီးများ၏ ၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားလျှော့ချမှု

Last Updated:

အမေရိကန်နိုင်ငံရှိ ကုမ္ပဏီကြီးများအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားဦးရေ လျှော့ချမှုများရှိကြောင်း သတင်းဖော်ပြချက်များအရ သိရှိရပါသည်။

ကုမ္ပဏီများအနေဖြင့် အလုပ်သမားများလျှော့ချကာ လုပ်ငန်းထိရောက်အောင်မြင်ရေးအတွက် အလေးထားလာကြသည်ကိုတွေ့ရှိရပါကြောင်း၊ အလုပ်သမားဈေးကွက်သည် သိသိသာသာနှေးကွေးလာမည်ဟု ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် သတိပေးချက်များထွက်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် အလုပ်အကိုင်ပေါင်း (၃၅၃,၀၀၀) ခန့်ခေါ်ယူခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသော်လည်း အလုပ်လက်မဲ့နှုန်းသည် (၃.၇) ရာခိုင်နှုန်းအောက် ကျဆင်းမှုမရှိဘဲရှိနေကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ အလုပ်သမားလျှော့ချခဲ့သည့် ကုမ္ပဏီများမှာ Alphabet ၊ Amazon ၊ BlackRock ၊ Citigroup ၊ Discord ၊ Duolingo ၊ Ebay ၊ iRobot ၊ Macy’s ၊ Microsoft ၊ PayPal ၊ Rent the Runway ၊  Salesforce ၊  Sports Illustrated ၊ United Parcel Service (UPS) ၊ Unity Software ၊ Universal Music Group ၊ Wayfair နှင့် Xerox တို့ဖြစ်ကြပြီး အလုပ်သမားပေါင်း (၅) သောင်းကျော် လျှော့ချခဲ့ပါကြောင်း၊ အလားတူပင် ဖေဖော်ဝါရီလ၌ အလုပ်သမားလျှော့ချခဲ့သည့်ကုမ္ပဏီများမှာ Cisco Systems ၊ DocuSign ၊ Estee Lauder ၊ Expedia ၊ Instacart ၊ Morgan Stanley ၊ Nike ၊ Okta ၊ Paramount Global ၊ Snap ၊ Sony ၊ Warner Music နှင့် Zoom တို့ဖြစ်ပြီး အလုပ်သမားပေါင်း (၆) သောင်းခန့် လျှော့ချခဲ့ကြောင်းသိရှိရပါသည်။  

အမေရိကန်နိုင်ငံ၏ လူသုံးကုန်ပစ္စည်းရောင်းချသည့်လက်လီစတိုးဆိုင်တစ်ခုဖြစ်သော Macy’s သည် လည်း ၎င်း၏ ဆိုင်ခွဲပေါင်း (၁၅၀) ခန့် (သို့မဟုတ်) ဆိုင်အားလုံး၏ (၃၀) ရာခိုင်နှုန်းကို နောက် (၃) နှစ်အတွင်း ပိတ်သိမ်းပြီး ဆိုင်ခွဲငယ်အများအပြားဖွင့်လှစ်ခြင်းအစား ကျန်ဆိုင်ခွဲပေါင်း (၃၅၀)ကို အဆင့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေးအစီရင်ခံစာထုတ်ပြန်ချက်အရ ကုမ္ပဏီ၏ဝင်ငွေသည် ယခင်ခန့်မှန်းချက်ကို ကျော်လွန်ခဲ့ပါကြောင်းနှင့် ကုမ္ပဏီ၏ အစုရှယ်ယာဈေးနှုန်းသည် ၂၇-၂-၂၀၂၄ ရက်နေ့တွင် (၃.၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါကြောင်း၊ Macy’s ၏ အမှုဆောင်အရာရှိချုပ်ကလည်း ၎င်းတို့အနေဖြင့် ဆိုင်ခွဲများ ပိတ်သိမ်းခြင်းသည် ဝယ်သူများ၏လိုအပ်ချက်နှင့် ကိုက်ညီစေရန်အတွက် လုပ်ငန်းကိုပြန်လည်ဖွဲ့စည်းခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ ပိတ်သိမ်းမည့်ဆိုင်ခွဲအရေအတွက် (၃၀) ရာခိုင်နှုန်းရှိသော်လည်း ယင်းဆိုင်ခွဲများ၏ရောင်းအားသည် ကုမ္ပဏီရောင်းအား၏ (၁၀) ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ အဆိုပါ ဆိုင်ခွဲများကို ပိတ်သိမ်းပြီး ခေတ်မီသည့်စတိုးဆိုင်များ ဖွင့်လှစ်ရာတွင် ရင်းနှီးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် Macy’s ၏ ရောင်းအားကို ကျော်လွန်သည့် Bloomingdale ဆိုင်များ နှင့် Bluemercury Beauty Chain တို့တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကာ Bloomingdale ဆိုင်ခွဲ (၁၅) ဆိုင်နှင့် Bluemercury Beauty Chain ဆိုင်ခွဲ (၃၀) ခန့်တို့ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA