USA

အမေရိကန်နိုင်ငံ၏ လောင်စာဆီဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် ပို၍မြင့်တက်လာခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ လောင်စာဆီဈေးနှုန်းများသည် ၂၀၂၄ ခုနှစ်တွင် ပို၍မြင့်တက်လာခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၈-၃-၂၀၂၄ ရက်၌ “Why Gasoline Prices Are Rising Faster Than Usual This Year” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ လောင်စာဆီဈေးနှုန်းသည် ၂၀၂၄ ခုနှစ်တွင် ပုံမှန်ထက် ပို၍မြင့်တက်လာခဲ့ကြောင်း၊ American Automobile Association (AAA) က ၂၈-၃-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ချက်အရ အမေရိကန်နိုင်ငံတစ်ဝှမ်း လောင်စာဆီ ပျမ်းမျှဈေးနှုန်းသည် တစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၃.၅၄) ရှိပြီး ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၃) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သဖြင့် ၂၀၂၄ ခုနှစ်၊ နှစ်စပိုင်း ဈေးနှုန်းထက် (၁၄) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ လောင်စာဆီဈေးနှုန်း အများဆုံးမြင့်တက်ခဲ့သည့် ဒေသမှာ Utah ပြည်နယ်ရှိ Salt Lake City Area တွင်ဖြစ်ပြီး ယခင်လအတွင်း လောင်စာဆီတစ်ဂါလံလျှင် အမေရိကန်ဒေါ်လာ (၃.၇၇) ရှိခဲ့ရာမှ (၆၁) ဆင့်အထိထပ်မံ၍ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  

လောင်စာဆီနှင့် နေထိုင်စရိတ်ဈေးနှုန်း မြင့်မားခြင်းသည် စားသုံးသူဈေးဆနှုန်း (Consumer Price Index) ကို မြင့်တက်စေပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၏ စားသုံးသူဈေးဆနှုန်းသည် ယခင်ကာလတူနှင့် နှိုင်းယှဉ်ပါက (၆၀) ရာခိုင်နှုန်းအထိ တိုးလာခဲ့သည်ဟု အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရှိရပါကြောင်း၊ အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးဖောင်းပွမှု တွက်ချက်ရာတွင် စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုသော်လည်း စွမ်းအင်ဈေးနှုန်း မြင့်တက်ခြင်းသည် စီးပွားရေးအပေါ် သက်ရောက်မှုများဖြစ်စေကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဆော်ဒီအာရေဗျနှင့် ရုရှားနိုင်ငံခေါင်းဆောင်သည့် OPEC+ Cartel နိုင်ငံများက ရေနံထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံ၏ ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ (၈၃.၁၇)၊  (၁၆) ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ၏ အနောက်အလယ်ပိုင်းဒေသနှင့် ပင်လယ်ကွေ့ကမ်းရိုးတန်း တစ်လျှောက်ရှိ ရေနံထုတ်လုပ်သည့် ဒေသများမှာ ဆောင်းရာသီမုန်တိုင်းနှင့် အခြားပြတ်တောက်မှုများနှင့် ကြုံတွေ့ခဲ့ရပြီး အမေရိကန်နိုင်ငံ၏ ရေနံသန့်စင်လုပ်ငန်းများမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၈၁) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်ဟု စွမ်းအင်အချက်အလက်စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ ထို့အပြင်ရုရှားနိုင်ငံ၏ ရေနံသန့်စင်စက်ရုံများကို ယူကရိန်းနိုင်ငံက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စက်ရုံများပြုပြင်ရန် လပေါင်းများစွာကြာမြင့်နိုင်သဖြင့် ရုရှားနိုင်ငံက ပြည်တွင်းလောင်စာဆီဖူလုံရန်အတွက် နိုင်ငံခြားသို့ တင်ပို့သည့် လောင်စာဆီများကို ဖြတ်တောက်ခဲ့ခြင်းကြောင့် တရုတ်၊ အိန္ဒိယ သို့မဟုတ် တူကီယဲနိုင်ငံတို့တွင် လောင်စာဆီ ပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ယခင်နွေရာသီတွင် အမေရိကန်နိုင်ငံရှိ လောင်စာဆီ ထုတ်လုပ်သည့် ကုမ္ပဏီအချို့သည် အပူချိန်မြင့်မားမှုကြောင့် စက်ရုံလည်ပတ်မှုကို ရပ်ဆိုင်းခဲ့ရပြီး ယခုနှစ်အတွင်း ဤသို့ဆက်လက်ဖြစ်ပေါ်ပါက ဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်ပါကြောင်း သိရှိရပါသည်။

 

   

https://www.wsj.com/finance/commodities-futures/gas-prices-rising-2024-cause-86b864d7?mod=finance_lead_pos5

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA