USA

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၂.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် (၂.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၂၉-၃-၂၀၂၄ ရက်တွင် “Fed’s Favored Inflation Gauge Rose 2.5% in February”  ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုကို အဓိကတိုင်းတာသည့် ညွှန်းကိန်းများသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြင့်တက်ခဲ့ကြောင်း၊ ယင်းညွှန်းကိန်းများ မြင့်တက်ခြင်းသည် အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်း လျှော့ချနိုင်မည့်အချိန်ကို ဆွေးနွေးရန် အချက်အလက်သစ်များ ပံ့ပိုးပေးသကဲ့သို့ဖြစ်ပါကြောင်း၊ တစ်ဦးချင်းစားသုံးမှု အသုံးစရိတ်ဈေးဆနှုန်း (Personal-Consumption Expenditures Price Index – PCE Price Index) သည် ၂၀၂၃ ခုနှစ်၊ မတ်လမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၁၂) လအတွင်း (၂.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု အမေရိကန်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါကြောင်း၊ ဈေးနှုန်းအတက်အကျများသော စားသောက်ကုန်နှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်မထားသည့် Core Inflation သည် (၂.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ PCE Price Index သည် (၀.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အခြားငွေကြေးဖောင်းပွမှုကို တိုင်းတာသည့် ညွှန်းကိန်းတစ်ခုဖြစ်သော ဈေးနှုန်းမှာလည်း ယခင်နှစ်လအတွင်းတွင် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။  

အမေရိကန်ဗဟိုဘဏ်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အတိုးနှုန်း (၃) ကြိမ်လျှော့ချရန် ခန့်မှန်းသော်လည်း မည်သည့်အချိန်တွင် လျှော့ချမည်ကို မသေ ချာကြောင်း၊ အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ Mr. Jerome Powell က ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ချရန်ရှိသော်လည်း ငွေကြေးဖောင်းပွမှုသည် ဗဟိုဘဏ်က သတ်မှတ်သည့် (၂) ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သေချာစေရန်အတွက် ငွေကြေးဖောင်းပွမှု အချက်အလက်များကို စောင့်ကြည့်ရန် လိုအပ်နေသေးသည်ဟု ပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။   

 

 

https://www.wsj.com/economy/central-banking/fed-inflation-gauge-february-pce-f664d187?mod=economy_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA