China (Kunming)

တရုတ်နိုင်ငံသည် ကုန်စည်ပြပွဲများမှတစ်ဆင့် ဒေသတွင်း စီးပွားရေးဆက်ဆံမှုများကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

ကပ်ရောဂါအလွန် ကမ္ဘာ့အခင်းအကျင်း၏ စိန်ခေါ်မှုကို ရင်ဆိုင်နေရချိန်တွင် အိမ်နီးချင်းနိုင်ငံများကို ဦးတည်သည့် Offline ကုန်စည်ပြပွဲ အများအပြားကို တရုတ်နိုင်ငံအနေဖြင့် ကျင်းပပြုလုပ်ခဲ့သည်။ ပြည်တွင်းနှင့် ကမ္ဘာ့စီးပွားရေး နှစ်ရပ်စလုံး၏ ပြန်လည်ရှင်သန်ရေးနှင့် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ယခုနှစ်အတွင်း ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင် (Jilin) ပြည်နယ်၏ မြို့တော် ချမ်ခွင် (Changchun) တွင် တနင်္ဂနွေနေ့၌ ကျင်းပပြီးစီးခဲ့သည့် ၁၄ ကြိမ်မြောက် တရုတ်-အရှေ့မြောက်အာရှ ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း ၁၂၃ နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၂၀,၀၀၀ ကျော်၏ ပါဝင်ပြသခဲ့ပါသည်။ (၅) ရက်ကြာ ကုန်စည်ပြပွဲအတွင်း တရုတ်ယွမ်ငွေ ၈၄ ဒသမ ၄၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၉ ဘီလီယံခန့်) တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ ရရှိခဲ့သည်။

 

စတင်ကျင်းပပြုလုပ်ခဲ့သည့် ၂၀၀၅ ခုနှစ်မှ ယခုအချိန်အထိ ကုန်စည်ပြပွဲများမှ တစ်ဆင့် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု တန်ဖိုး ယွမ်ငွေ ၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၇၅ ဘီလီယံခန့်) ဖြင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းပေါင်း ၃,၀၀၀ ကျော် ဖော်ဆောင်လာနိုင်ခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါကုန်စည်ပြပွဲသည် တရုတ်နှင့် ၎င်း၏ အိမ်နီးချင်နိုင်ငံများ၊ ပြင်ပနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတို့ကို ဖော်ဆောင်ရန်အတွက် အရေးပါသည့် platform (ပလက်ဖောင်း) တစ်ခု ဖြစ်လာခဲ့သည်။ တရားဝင်အချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံနှင့် အရှေ့မြောက်အာရှနိုင်ငံ (၅) နိုင်ငံအကြား ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၉၂၃ ဒသမ ၂ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

 

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၏ မြို့တော် ကူမင်းမြို့တွင် ကျင်းပခဲ့ပြီး ဩဂုတ်လ ၂၀ ရက်နေ့က ပြီးဆုံးခဲ့သည်။ (၅) ရက်ကြာ ကုန်စည်ပြပွဲတွင် နိုင်ငံပေါင်း (၈၅) နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဧည့်သည်စုစုပေါင်း ၃၀,၀၀၀ ကျော် လာရောက်ပြသခဲ့ကြသည်။ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၄၁၂ ဒသမ ၆၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၆ ဒသမ ၆ ဘီလီယံခန်) ဖြင့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းစုစုပေါင်း ၃၄ ကျော် ဖော်ဆောင်နိုင်ခဲ့သည်။

 

 

ပထမအကြိမ် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို Belt and Road Initiative အဆိုပြုခဲ့သည့် ၂၀၁၃ ခုနှစ်၌ ကူမင်းမြို့တွင် စတင်ကျင်းပခဲ့သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း ကုန်စည်ပြပွဲမှ တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်နှင့် တောင်အာရှနိုင်ငံများအကြား ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန် ဒေါ်လာ ၁၉၇ ဒသမ ၄ ဘီလီယံအထိ နှစ်ဆမြှင့်တက်လာခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကုန်စည်ပြပွဲများ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်များ၊ နည်းပညာ စကားဝိုင်းများ ကျင်းပပြုလုပ်လျက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ပိုမိုခိုင်မာသော ဆက်ဆံရေးများ ဖော်ဆောင်ခြင်း၊ ပူးပေါင်းဆောင်ဆောင်ရွက်မှုများ တည်ထောင်ခြင်းနှင့် အပြန်အလှန်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ချဲ့ထွင်ခြင်းဖြင့် နိုင်ငံတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်လျက်ရှိသည့်အပြင် မိတ်ဖက်နိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပူးပေါင်းကူညီဖော်ဆောင်လျက်ရှိသည်ကို သုံးသပ်တွေ့ရှိရပါသည်။

 

 

အရင်းအမြစ်။http://english.www.gov.cn/news/202308/29/content_WS64ed56d9c6d0868f4e8dee6b.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)