Germany

ဂျာမနီအစိုးရသည် ၂၀၂၃ ခုနှစ်တွင် Debt Brake ကိုရပ်ဆိုင်းရန် ထပ်မံသဘောတူခဲ့

Last Updated:

ဂျာမန်အစိုးရ၏ အာဏာရသုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့သည် ဖြည့်စွက်ဘတ်ဂျက်၏ တစ်စိတ်တစ်ဒေသအဖြစ် ချေးငွေအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားမှုများအား ဖြေလျှော့ပေးထားခြင်းကို ယာယီသက်တမ်းတိုးလိုက်ကြောင်း ဂျာမန်ဘဏ္ဍာရေးဝန်ကြီးဌာနက၂၇-၁၁-၂၀၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဖြည့်စွက်ဘတ်ဂျက်တွင်ဥပမာအားဖြင့် စွမ်းအင်စျေးနှုန်းနှင့် ရေဘေးဒုက္ခသည်များကိုကူညီထောက်ပံ့ပေးရေးအတွက် ၂၀၂၃ ခုနှစ်တွင် သုံးစွဲခဲ့ပြီးသော ရန်ပုံငွေများကိုကာမိစေရန် ရည်ရွယ်လျာထားသည့် ချေးငွေယူရို ၄၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံ) ပါဝင်နေပြီး အဆိုပါဘတ်ဂျက်အား ဂျာမန်အောက်လွှတ်တော် (Bundestag) တွင် အတည်ပြုရမည်ဖြစ်ပါသည်။

အသုံးမပြုရသေးသော ကပ်ရောဂါဆိုင်ရာရန်ပုံငွေများကို ရာသီဥတုနှင့် အစိမ်းရောင် စက်မှုလုပ်ငန်းစီမံကိန်းများအတွက် ရည်ရွယ်ပြောင်းလဲ အသုံးပြုခွင့်မရှိကြောင်း ဂျာမနီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယခုလအစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။ ယခုကဲ့သို့ ဘတ်ဂျက်လွှဲပြောင်းသုံးစွဲမည့်ကိစ္စသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အရေးပေါ်ကိစ္စရပ်အတွက် ငွေချေးယူမှုဆိုင်ရာ သတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ယင်းဆုံးဖြတ်ချက်တွင် ဖော်ပြထားခဲ့သည်။

အဆိုပါ ၂၀၂၃ ခုနှစ်အတွက် ဖြည့်စွက်ရန်ပုံငွေကိစ္စနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကချမှတ်ခဲ့သောဆုံးဖြတ်ချက်များ၏ နောက်ဆက်တွဲ အကျိုးဆက်များကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ပြောကြားခဲ့သည်။

Karlsruhe အခြေစိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်သည် ကပ်ရောဂါအတွက် ရည်ရွယ်ချေးယူထားသော ရန်ပုံငွေ ဘီလီယံ ၆၀ ကို ရာသီဥတုနှင့် အသွင်ကူးပြောင်းရေးရန်ပုံငွေ (KTF) သို့ မျှဝေသုံးစွဲလိုသည့် အစိုးရ၏ အစီအစဉ်များကို ဗီတိုအာဏာဖြင့် ထိရောက်စွာ တားမြစ်ပယ်ချထားခဲ့သည်။

ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးအပေါ် စိတ်ဝမ်းကွဲပြားနေမှုသည် ဝန်ကြီးချုပ် Mr. Olaf Scholz ဦးဆောင်သော ဗဟိုလက်ဝဲဆိုရှယ်ဒီမိုကရက်များ၏ SPD ပါတီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားသော Green Party နှင့် စီးပွားရေးကိုသာ အာရုံစိုက်သော Free Democrats များ၏ပါတီ (FDP) တို့ပါဝင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၂၃ ဖြည့်စွက်ရန်ပုံငွေတွင် ဂျာမနီအနေဖြင့် Debt Brake ကို လေးကြိမ်မြောက်နှစ်အဖြစ် ဆက်လက်ရပ်ဆိုင်းထားလိမ့်မည်ဟု မျှော်လင့်ထားပြီးဖြစ်သည်။

Debt Brake သည် ဂျာမန်ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အစိတ်အပိုင်းဖြစ်ပြီး၊ ဖက်ဒရယ်အစိုးရ၏ ဖွဲ့စည်းပုံဆိုင်ရာ အသားတင် ငွေချေးယူနိုင်မှုကို ဂျီဒီပီ၏ ၀.၃၅ ရာခိုင်နှုန်းအထိသာရှိရမည်ဟု ၎င်းက ကန့်သတ်ထားခြင်းဖြစ်သည်။ ဥရောပတွင် ငွေရေးကြေးရေး အကျပ်အတည်း ရင်ဆိုင်ခဲ့ရပြီးနောက် ဂျာမနီသည် ၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် Debt Brake ထည့်သွင်းရေးဆွဲခဲ့ပြီး၂၀၀၉ ခုနှစ်မှ စတင်၍ လက်ခံကျင့်သုံးခဲ့ခြင်းဖြစ်ပါသည်။ ကပ်ရောဂါနှင့် စွမ်းအင် အကျပ်အတည်းကာလများအတွင်း ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၂ ခုနှစ်အထိ Debt Brake ကို ဆိုင်းငံ့ထားခဲ့ရာမှ  ယခုနှစ်တွင် ပြန်လည်အသက်ဝင်လာစေရန် စီစဉ်ထားခြင်းဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ရှိရင်းစွဲ အသုံးစရိတ်အစီအစဉ်များကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ချမှတ်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၃ ခုနှစ်ကို အရေးပေါ်ကာလနှစ်အဖြစ် ကြေညာမည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။

စွမ်းအင်စျေးနှုန်းကြီးမြင့်မှုကြောင့် Debt Brake သက်တမ်းတိုးရန် လိုအပ်သည်ဟု အကြောင်းပြချက် ပေးလာနိုင်သည့်အတွက် ၂၀၂၃ ခုနှစ် ဖြည့်စွက်ဘတ်ဂျက်ကို တရားဝင်ခိုင်မာမှုရှိသည်ဟု ဂျာမန်အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ Debt Brake သည် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ စည်းကမ်းသတ်မှတ်ချက်အသစ်များနှင့် ကိုက်ညီမှုရှိသည်ဟု ၎င်းတို့အနေဖြင့် အခိုင်အမာ ယုံကြည်ပါကြောင်း ဖြစ်နိုင်ခြေရှိသော ဥပဒေဆိုင်ရာစိန်ခေါ်မှုများနှင့် စပ်လျဉ်း၍ မေးခွန်းမေးမြန်းလာမှုများအပေါ် ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ဖြေကြားခဲ့ပါသည်။ အခြေခံအားဖြင့် ယခု ၂၀၂၃ ခုနှစ်ကို အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်မည့်ကိစ္စသည် ယခင်နှစ် ၂၀၂၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော အရေးပေါ်အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဦးတည်သတ်မှတ်ရခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဝန်ကြီးချုပ် Mr. Scholz က ၂၄-၁၁-၂၀၂၃ ရက်တွင် အစိုးရ၏ ၂၀၂၄ ဘတ်ဂျက်ကို ယခုနှစ်အကုန်တွင် အပြီးသတ်ထုတ်ပြန်မည်ဟု ကတိပြုခဲ့မှုအပေါ် တရားရုံး၏ ဆုံးဖြတ်ချက်က သံသယဖြစ်မှုများရှိလာစေခဲ့သည်။ လာမည့်နှစ် (၂၀၂၄) ဘတ်ဂျက်အား တရားမျှတမှုရှိရှိ ပွင့်လင်းမြင်သာစွာဖြင့် ဂရုတစိုက် ပြန်လည်သုံးသပ်သွားမည်ဟု ဝန်ကြီးချုပ် Mr. Scholz က ပြောကြားခဲ့သည့်  ဗီဒီယိုတစ်ခုကို လူမှုကွန်ယက်၌တင်ထားကြောင်း သိရှိရပါသည်။

 

Source:         https://www.dw.com/en/germanys-cabinet-agrees-to-lift-debt-brake-again-for-2023/a-67564655

 

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany