Korea

တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးမူဝါဒသည် တည်ငြိမ်သောစီမံခန့်ခွဲမှုကို အလေးထားဆောင်ရွက်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၁.၈ ရာခိုင်နှုန်းသာ တိုးတက်နိုင်သည်ဟု စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး (၁) ဖြစ်သည့် Mr. Kim Beom-seok က ၂-၁-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။ မသေချာမရေရာမှုများ မြင့်မားနေ သည့်အချိန်တွင် တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးမူဝါဒသည် “တည်ငြိမ်သောစီမံခန့်ခွဲမှု” ကိုသာ အဓိကထားပါကြောင်း Mr. Kim Beom-seok က ၂-၁-၂၀၂၅ ရက်နေ့က ပြောကြားခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက “တောင်ကိုရီးယား နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းသည် ၂၀၂၅ ခုနှစ်တွင် ၂.၂ ရာခိုင်နှုန်းအထိ တိုးတက်လိမ့်မည်” ဟု ခန့်မှန်းခဲ့ကြပါသည်။ ယင်းနောက်ပိုင်းတွင် အနည်းငယ်လျှော့ချပြီး ၂ ရာခိုင်နှုန်းမှ ၂.၁ ရာခိုင်နှုန်းအထိ စီးပွားရေးတိုးတက်မှုရှိနိုင်သည်ဟု ခန့်မှန်းထားခဲ့ပါသည်။ ကိုရီးယားဗဟိုဘဏ်ကလည်း နိုင်ငံ ၏ စီးပွားရေးတိုးတက်နှုန်းသည် ၁.၉ ရာခိုင်နှုန်းအထိ ရှိနိုင်သည်ဟုခန့်မှန်းထားခဲ့ပါသည်။

စီးပွားရေးတိုးတက်မှုနှုန်းကို လျှော့ချခန့်မှန်းလာရသည့်အဓိကအကြောင်းရင်းများမှာ ပြည်တွင်းဝယ်လိုအား ပြန်လန်နာလန်ထူလာမှုသည် မျှော်လင့်ထားသည်ထက်နှေးကွေးနေခြင်းနှင့် ပို့ကုန်တင်ပို့မှုတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်း (ဥပမာ- တစ်ပိုင်းလျှပ်ကူးပစ္စည်းများကဏ္ဍ၏ စီး ပွားရေးသံသရာတွင် အကျဘက်သို့ ဦးတည်ချိန်ရောက်လာခြင်းနှင့် ကမ္ဘာ့နိုင်ငံများက ကုန်သွယ်မှုတွင် ကာကွယ်မှုဆိုင်ရာနည်းလမ်းများ ကျင့်သုံးလာကြခြင်း) တို့ပင်ဖြစ်ပါကြောင်း၊ ပြည်တွင်းနိုင်ငံရေးမတည်ငြိမ်မှုများသည်လည်း စီးပွားရေးတိုးတက်မှုနှုန်းခန့်မှန်းမှုအပေါ် လွှမ်းမိုးမှုရှိပါ ကြောင်း Mr. Kim Beom-seok က ပြောကြားခဲ့ပါသည်။ ယခုနှစ်အတွင်း မကြုံစဖူး ကြုံတွေ့နေရ သော ပြည်တွင်း၊ ပြည်ပမသေချာမရေရာမှုများသည် စီးပွားရေးတိုးတက်မှုနှုန်းကိုသာမက ငွေလဲနှုန်းနှင့် လူနေမှုဘဝအထွေထွေအခြေအနေများအပေါ်ပါ သက်ရောက်မှုရှိစေကြောင်း Mr. Kim Beom-seok က ပြောကြားခဲ့ပါသည်။

သို့ဖြစ်၍ ကျယ်ပြန့်သော မူဝါဒဆိုင်ရာစီမံချက်များကိုအကောင်အထည်ဖော်ဆောင်ရွက်နေခြင်းအစား ဘေးအန္တရာယ်စီမံခန့်ခွဲမှုကိုသာ အဓိကဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ သက်တမ်းခဏသာကြာမြင့်သည့် စစ်အုပ်ချုပ်ရေးကြေညာခဲ့သည့် ၃-၁၂-၂၀၂၄ ရက်နောက်ပိုင်း အ

ကြွေးဝယ်ကတ်အသုံးပြုမှု၊ စားသောက်ဆိုင်များတွင် ရောင်းချရမှုများ ကျဆင်းနေပါကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမသုံးလပတ်ကာလအထိ ပြည်တွင်းဝယ်လိုအားသည် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေနိုင်ပြီးနောက်ပိုင်းမှသာ တဖြည်းဖြည်းပြန်လည်နာလန်ထူလာနိုင်ကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

ပြည်တွင်းသုံးစွဲမှုမြှင့်တင်ရန်နှင့် ပြည်ပသို့တင်ပို့မှုမြှင့်တင်ရန် အစိုးရသည် ဝမ်ငွေ ၄၃၁.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃၀၀.၂ ဘီလီယံ) သို့မဟုတ် ၂၀၂၅ ခုနှစ်အတွက် စုစုပေါင်းဘတ်ဂျက်ဖြစ်သည့် ၅၇၄.၈ ထရီလီယံ၏ ၇၅ ရာခိုင်နှုန်းကို သုံးစွဲသွားမည်ဖြစ်ပါသည်။ အဆိုပါဘတ်ဂျက်ကို ဝင်ငွေနည်းမိသားစုများနှင့် လက်လီရောင်းချမှုနှုန်းလျော့ကျနေသည့် ကိုယ်ပိုင်လုပ်ငန်းငယ်လေးများကို ထောက်ပံ့ပေးရာတွင် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ ပြည်တွင်းသုံးစွဲမှုမြင့်မားစေရန်  ဇန်နဝါရီလကုန်တွင်ကျရောက်မည့် ရိုးရာနှစ်သစ်ကူးပွဲတော်ကာလအတွင်း အ‌ရောင်းမြှင့်တင်ပွဲကြီးတစ်ခုကျင်းပ၍ လျှော့ဈေးများဖြင့်ရောင်းချပေးသွားမည်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် အခြားသောစီမံဆောင်ရွက်ရန်ကိစ္စများရှိပါက ဘတ်ဂျက်ထပ်မံတိုးမြှင့်သုံးစွဲရေးအပါအဝင် အခြားသောနည်းလမ်းများရှာဖွေဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အမျိုးသားအသုံးစရိတ်များကို သမိုင်းတစ်လျှောက်တွင် မသုံးစွဲခဲ့ဖူးသည့်နှုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်နှင့် မြန်မြန်ဆန်ဆန်အသုံးချသွားမည်ဟု ဝန်ကြီးဌာနက ထပ်လောင်းပြော ကြားခဲ့ပါသည်။

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အဟန့်အတားဖြစ်စေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကိုထိန်းသိမ်းရေး ဆောင်ရွက်သွားရန်လည်း ဝန်ကြီးဌာနက ကတိပြုခဲ့ပါသည်။ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန် အခွန်နှုန်းများ လျှော့ချခြင်း (Tax Incentives) အပါအဝင် ငွေကြေးအထောက်အပံ့များပေးသွားမည်ဖြစ်ပါကြောင်း ဝန်ကြီးဌာနကအထူးအလေးထား ပြောကြားခဲ့ပါသည်။

Source: https://www.koreatimes.co.kr/www/biz/2025/01/488_389583.html

စီးပွားရေးသံမှူး၊ ဆိုးလ်မြို့။

Category: Korea