Vietnam

ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံအထိ မျှော်မှန်း

Last Updated:

ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည် ၂၀၂၅ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရန်ရည်မှန်းချက်ဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ကတိပြုထားကြောင်း The Sigon Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါ ကတိကဝတ်ပြုမှုသည် ဖိလစ်ပိုင်သမ္မတ Ferdinand Marcos Jr ၏ ဗီယက်နမ်နိုင်ငံသို့ ၂ ရက်တာလာရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဗီယက်နမ်သမ္မတ Vo Van Thuong နှင့် ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh တို့တွေ့ဆုံဆွေးနွေးမှုအပြီး ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံစီးပွားရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာစေရန် အစီအမံများကို ဆွေးနွေးခဲ့ကြကြောင်း၊ အထူးသဖြင့် နည်းပညာ၊ အခြေခံအဆောက်အအုံ၊ မော်တော်ယာဥ်ပံ့ပိုးပေးသည့် စက်မှုလုပ်ငန်းများ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် နည်းပညာမြင့် စိုက်ပျိုးရေးကဏ္ဍများရှိ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများအတွက် အခွင့်သာသော အခြေအနေများဖန်တီးပေးရန် ကတိပြုခဲ့ကြသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ယန္တရားများကို ဆောလျင်စွာ အကောင်အထည်ဖော်ရန်နှင့် ၂၀၁၉- ၂၀၂၄ အတွက် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့် လုပ်ငန်းစီမံချက်ကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ရန်လည်း သဘောတူညီခဲ့ကြကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဦးစားပေးကဏ္ဍများအနေဖြင့် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ သဘာဝပတ်ဝန်းကျင် နှင့်သဟဇာတဖြစ်မည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ ရင်းမြစ်များပြန်လည်အသုံးပြုသည့် စီးပွားရေး (Circular Economy )နှင့် စွမ်းအင်အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုတို့ဖြစ်ကြောင်း သိရှိရပါသည်။

ဖိလစ်ပိုင်သမ္မတအနေဖြင့် ပညာရေးနှင့် လေ့ကျင့်ရေး၊ သိပ္ပံနှင့်နည်းပညာ၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် ကတိပြုခဲ့ကြောင်း ဗီယက်နမ် သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်မှု၊ အိမ်ခြံမြေ၊ လျှပ်စစ်ကားများ၊ လေကြောင်း၊ သတင်းအချက်အလက်နည်းပညာ၊ အစားအစာ၊ စွမ်းအင်၊ ဆေးဝါး၊ ပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍများ အပါအဝင် နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း ဖော်ပြထားပါသည်။

တွေ့ဆုံပွဲတွင် စီးပွားရေးခေါင်းဆောင်များက ပူးပေါင်းဆောင်ရွက်မှုအတွက် သီးခြားလမ်းညွှန်ချက်များကိုတင်ပြကြပြီး ဗီယက်နမ်နိုင်ငံမှ ဘိလပ်မြေတင်ပို့မှုအပေါ် Anti-dumping Duties နှင့် ဆက်စပ်သည့်ကိစ္စရပ်နှင့် ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

 

Source: The Sigon times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam