Thailand

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုသည် ၃.၁၇ ရာခိုင်နှုန်း မြင့်တက်လာနိုင် သည်ဟု စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပြောကြားခဲ့

Last Updated:

ယခုနှစ်အတွင်း စီးပွားရေးအရ စိန်ခေါ်မှုများရှိနေသော်လည်း ထိုင်းနိုင်ငံ၏ မော်တော်ကား ထုတ်လုပ်မှုသည် ၃.၁၇ ရာခိုင်နှုန်း (အစီးရေ ၁.၉ သန်း) သို့ မြင့်တက်လာနိုင်ကြောင်း စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်က ပြောကြားခဲ့ပါသည်။

ပြည်တွင်းမော်တော်ကား အရောင်းအဝယ်ကျဆင်းမှုနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုသည် မော်တော်ကားတင်ပို့မှုအပေါ် သက်ရောက်ခဲ့မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း မော်တော်ကား ထုတ်လုပ်ခဲ့မှုသည် ရည်မှန်းထားသည့် အစီးရေ ၁.၈၅ သန်းအောက် လျော့နည်း၍ အစီးရေ ၁.၈၄ သန်းသာ ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း ပို့ကုန်အတွက် မော်တော်ကား ထုတ်လုပ်မှုသည် အစီးရေ ၁.၁၅ သန်းသို့ရောက်ရှိရန် မျှော်မှန်းထားပါကြောင်း အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Surapong Paisitpatanapong က ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် ဝယ်ယူမှုစွမ်းအားကို မြှင့်တင်နိုင်မည့် အစီအမံများ ဆောင်ရွက်ပေးမည်ဆိုပါက ၂၀၂၄ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ကောင်းမွန်လာနိုင်ကြောင်း၊ လာအိုနိုင်ငံ၏ မော်တော်ကားများအပေါ် အခွန်နှုန်းထား တိုးမြှင့်လိုက်ခြင်းသည် မော်တော်ကားပို့ကုန်အပေါ် သက်ရောက်မှုရှိနိုင်သဖြင့် ထိုင်းမော်တော်ကား ထုတ်လုပ်သူများသည် စိန်ခေါ်မှုများ ကြုံတွေ့နိုင်ကြောင်း၊ ကမ္ဘာ့စီးပွားရေး နှေးကွေးနေမှု၊ ရုရှား-ယူကရိန်းနှင့် အစ္စရေး-ဟားမက်စ် စသည့် ပထဝီနိုင်ငံရေးပဋိပက္ခများ၊ ကမ္ဘာ့ထောက်ပံ့မှုကွင်းဆက်များကို ထိခိုက်နိုင်သည့် ပင်လယ်နီအတွင်း တင်းမာမှုများကို စိုးရိမ်ပူပန်မိပါကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အိမ်ထောင်စုများ၏ အိမ်ထောင်စုကြွေးမြီမြင့်တက်လာမှုကို စိုးရိမ်ပူပန်သဖြင့် ဘဏ်များက မော်တော်ကား ဝယ်ယူမှုအပေါ် ထောက်ခံပေးသည့် ချေးငွေနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်များကို ပိုမိုတင်းကျပ်လိုက်ခြင်းကြောင့် ယခင်နှစ် ဒီဇင်ဘာလအတွင်း မော်တော်ကား ထုတ်လုပ်မှုသည် ကျဆင်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံမှ လျှပ်စစ်မော်တော်ကားများ ပိုမိုတင်သွင်းလာခြင်းကြောင့်လည်း နိုင်ငံအတွင်း ထုတ်လုပ်မှုကို ထိခိုက်စေကြောင်း၊ အစိုးရက လျှပ်စစ်မော်တော်ကားစက်မှုကို မြှင့်တင်ရန် မက်လုံးပေးအစီအစဉ်များနှင့် အထောက်အပံ့များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မော်တော်ကား တင်ပို့ခဲ့မှုသည် အစီးရေ ၁.၁၁ သန်း ဖြစ်ပြီး ပို့ကုန် တန်ဖိုး ဘတ် ၇၁၉ ဘီလီယံ ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံ၏ အားထားရသော ပို့ကုန်အမယ်တစ်ခုဖြစ်သည့် မော်တော်ကားတင်ပို့မှုသည် ကမ္ဘာ့စီးပွား‌ရေးကျဆင်းမှု၊ ပင်လယ်နီအတွင်း တိုက်ခိုက်မှုများနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် စိုးရိမ်မှုများရှိသော်လည်း ပြည်တွင်းဝယ်ယူမှု မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားချက်အရ အရေအတွက် တိုးမြှင့်ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.gov၊

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: Thailand