Germany

ဂျာမန်စီးပွားရေးသည် ၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလပတ်တွင် ကျုံ့သွားခဲ့

Last Updated:

ဂျာမနီနိုင်ငံ၏ ဂျီဒီပီသည် ၂၀၂၃ခုနှစ်၏ နောက်ဆုံးသုံးလပတ်တွင် ၀.၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ကြောင်း Federal Statistical Office (Destatis) က ၃၀-၁-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ ယခင်ကခန့်မှန်းထားသည့် ခန့်မှန်းချက်များကို အတည်ပြုခဲ့သည်။

ငွေကြေးဖောင်းပွမှုမြင့်မားခြင်း၊ အတိုးနှုန်းများမြင့်မားခြင်း၊ ဂျာမန်ပို့ကုန် ဝယ်လိုအားကျဆင်းလာခြင်းနှင့် နိုင်ငံအတွင်း ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းတို့ကြောင့် ဥရောပ၏ အကြီးဆုံး စီးပွားရေးဖြစ်သော ဂျာမနီ၏ ဂျီဒီပီကို ၂၀၂၃ ခုနှစ် တစ်ခုလုံးအတွက် ၀.၃ ရာခိုင်နှုန်းခန့် ကျဆင်းသွားစေခဲ့ကြောင်း အစိုးရမှ ပဏာမထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရှိရပါသည်။ ဂျာမနီ၏ စီးပွားရေးသည် ယခုနှစ် (၂၀၂၄ ခုနှစ်) ၏ ပထမသုံးလပတ်တွင်လည်း နောက်ထပ်ကျုံ့သွားနိုင်ဖွယ်ရှိကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားသဖြင့် ၂၀၂၄ ခုနှစ်သည်လည်း ခက်ခဲကြမ်းတမ်းမှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျာမန်စီးပွားရေးသည် နှစ်နှစ်နီးပါးမျှကြာသည့်တိုင် တိုးတက်မှုမရှိလာသေးသကဲ့သို့ အသွင်ကူးပြောင်းမှုလည်း မရှိသေးကြောင်း IMK Institute မှ Sebastian Dullien က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ်၏ အားနည်းသော စတုတ္ထသုံးလပတ်သည် ယခုနှစ် (၂၀၂၄ ခုနှစ်) နှစ်သစ်တွင် အားနည်းမှုဖြင့် အစပြုနိုင်ကြောင်း ညွှန်ပြနေပါသည်။ ပထမသုံးလပတ်အတွက် အကောင်းဆုံးအခြေအနေတွင်ပင် တိုးတက်မှု အနည်းကျဉ်းသာရှိနေသဖြင့် ဂျာမန်စီးပွားရေးအနေဖြင့် ထပ်မံကျုံ့သွားနိုင်ခြေရှိကြောင်း ၎င်းကထပ်လောင်းပြောကြားခဲ့သည်။

ယူရိုဇုံ၏ အဓိကကြီးမားအားကောင်းသည့် စီးပွားရေးဟု သတ်မှတ်ထားခြင်းခံရသော ဂျာမနီကို ဥရောပ၏ နာမကျန်းသူ (Sick man of Europe) အဖြစ် မကြာသေးမီက ထပ်မံသရော်ခြင်းခံခဲ့ရသည်။ သို့သော်လည်း ဂျာမနီတစ်နိုင်ငံတည်း စီးပွားရေး ကျဆင်းနေခြင်းမျိုးမဟုတ်ပေ။ ပြင်သစ်နိုင်ငံ၏ စီးပွားရေးသည်လည်း တိုးတက်ခြင်း/ ကျဆင်းခြင်းမရှိဘဲ ရပ်တန့်နေသည်ကို ရှုမြင်နိုင်ပေသည်။ တစ်ချိန်တည်းတွင် ဥရောပ၏ တတိယအကြီးဆုံး စီးပွားရေးဖြစ်သော အီတလီ၏ ဂျီဒီပီသည်လည်း ၀.၇ ရာခိုင်နှုန်းနှင့် စတုတ္ထအကြီးဆုံး စီးပွားရေးဖြစ်သော စပိန်၏ စီးပွားရေးမှာ ၂.၅ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိခဲ့ကြောင်း ၃၀-၁-၂၀၂၄ ရက်က ထုတ်ပြန်ခဲ့သော ကိန်းဂဏန်းများက ဖော်ပြနေပါသည်။

ယခုနှစ် ဇန်နဝါရီလအစောပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ Davos မြို့တွင်ကျင်းပခဲ့သည့် World Economic Forum တွင် ဂျာမန်ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner က ဂျာမနီသည် လူအများ ထင်မြင်ယူဆနေကြသကဲ့သို့ စီးပွားရေးအလွန်ကျဆင်းနေသည့် “a sick man” မဟုတ်ပါကြောင်း၊ ပင်ပန်းနွမ်းနယ်နေသော “ a tired man ” သာ ဖြစ်ပါကြောင်း၊ မကြာသေးမီနှစ်များ အတွင်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသော အကျပ်အတည်းများအတွက် အပြင်းအထန် ရုန်းကန်နေရခြင်းဖြစ်သဖြင့် ယင်းကို အထောက်အပံ့ပေးနိုင်ရေးအတွက် ဖွဲ့စည်းပုံဆိုင်ရာပြုပြင်ပြောင်းလဲမှုများ (Structural Reforms) သာ လိုအပ်ပါကြောင်း၊ ယင်းလိုအပ်ချက်ကို ဘဏ္ဍာရေးဝန်ကြီးက  “A good cup of Coffee” လိုအပ်ခြင်း ဟုနှိုင်းယှဉ်တင်စားကာ နိုင်ငံအတွက် အပြုသဘောဆောင်သော ပုံရိပ်ဖြစ်လာစေရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လက်ရှိအာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် ပါဝင်မှုအရ အငယ်ဆုံးပါတီဖြစ်သော Lindner ၏ Free Democrats (FDP) က ဂျာမနီနိုင်ငံတွင် Debt Brake ကို ဆက်လက်ထားရှိမည့်ကိစ္စအပေါ် ငြင်းဆိုထားပါသည်။ တစ်မူထူးခြားနေသော ဂျာမန်ဘဏ္ဍာရေးမူဝါဒ Debt Brake သည် အစိုးရအား ချေးငွေများ ထပ်မံချေးယူနေခြင်းမှ ရပ်တန့်သွားစေခဲ့သကဲ့သို့ ဂျာမနီနိုင်ငံပြင်ပမှ စီးပွားရေးပညာရှင်များကလည်း နိုင်ငံ၏အနာဂါတ်တွင် Green Restructuring ဖြင့် ရင်းနှီးမြှုပ်နှံနိုင်ရေးအတွက်သာ ငွေချေးယူရန် လိုအပ်ပါကြောင်း ဝေဖန်သုံးသပ်ထားပါသည်။

 

Source:   https://www.dw.com/en/german-economy-shrinks-in-final-quarter-of-2023/a-68119861

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany