Thailand

ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) ၂ ခု လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် ဘရူနိုင်းနိုင်ငံတို့အကြား ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MoU) ကို ဘရူးနိုင်းဘုရင်မင်းမြတ် His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ၏ ထိုင်းနိုင်ငံသို့ လာရောက်ခဲ့သည့် ၂ ရက်ခရီးစဉ် နောက်ဆုံးနေ့ဖြစ်သော ၂၉-၄-၂၀၂၄ ရက်နေ့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါ သည်။

လက်မှတ်ရေးထိုးပွဲတွင် ထိုင်းအစိုးရပင်စင်ရန်ပုံငွေ (Thailand’s Government Pension Fund –GPF) နှင့် ဘရူနိုင်းရင်းနှီးမြှုပ်နှံမှု အေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာတစ်ခုနှင့် ထိုင်းခရီးသွားနှင့် အားကစားဝန်ကြီးဌာနနှင့် ဘရူနိုင်း ရင်းမြစ်များနှင့် ခရီးသွားဝန်ကြီးဌာနတို့အကြား နားလည်မှုစာချွန်လွှာ တစ်ခုတို့ဖြစ်ကြောင်း၊ အစိုးရအိမ်တော်၌ တွေ့ဆုံခဲ့မှုတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် နှစ်နိုင်ငံ အကျိုးရှိမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Hala စက်မှုလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ဒီဂျစ်တယ်စီးပွားရေးနှင့် ပြည်သူအချင်းချင်းဖလှယ်ရေး စသည့်တို့အတွက် လေးလေးနက်နက် ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကျစ်လစ်သော လုပ်ငန်းစဉ်များအတွက် သဘောတူခဲ့ကြပါကြောင်း၊ “Six Countries, One Destination” အပါအဝင် ခရီးသွားလုပ်ငန်းခိုင်မာစေရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ဒေသတွင်း ခရီးသွားပူးပေါင်းဆောင်ရွက်ရေးနှင့် ကျန်းမာရေးနှင့် အလှအပရေးရာ ခရီးသွား၊ ဇီဝခရီးသွားနှင့် Muslim-friendly ခရီးသွားတို့တွင်လည်း ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထိုင်းနှင့် ဘရူနိုင်းတို့အကြား တိုက်ရိုက်လေကြောင်းလိုင်း တိုးချဲ့ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် စီးပွားရေးသံတမန်နည်းလမ်းကို အသုံးပြု၍ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ရေးသာမက ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဘရူနိုင်းနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand