ဂျပန်အစိုးရနှင့် အာဏာရပါတီအနေဖြင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များကို စားသုံးခွန်ကင်းလွတ်ခွင့်ပေးမှုအား ပုံစံပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်စည်များဝယ်ယူသည့်အခါ စားသုံးခွန်ကိုပါ ထည့်သွင်းပေးဆောင်စေပြီး ဂျပန်နိုင်ငံမှ ပြန်လည်ထွက်ခွာသည့်အချိန်မှသာ ပြန်အမ်းငွေထုတ်ပေးမည့်စနစ်သို့ ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၇-၁၁-၂၀၂၄ ရက်နေ့ထုတ် The Japan News သတင်းစာတွင် “Tourists’ Consumption Tax Exemption To Take New Form: Refunds When Departing To Replace Waivers When Buying” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ထိုသို့ အခွန်ဆိုင်ရာပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် အစိုးရနှင့် အာဏာရပါတီအကြား ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်လျက်ရှိကြောင်း၊ ပြန်အမ်းငွေထုတ်ပေးမည့်စနစ်ကို ၂၀၂၆ ခုနှစ်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိစနစ်အရ ဂျပန်နိုင်ငံတွင် ကုန်စည်များ ဝယ်ယူသည့်အချိန်တွင် အခွန်ကင်းလွတ်ခွင့်ပြုလျက်ရှိကြောင်း၊ ထိုသို့ ပြုလုပ်ပေးမှုကြောင့် ဂျပန်ပြည်တွင်း၌ပင် အခွန်ကင်းလွတ်ခွင့်ရရှိသည့် ကုန်စည်များကို ပြန်လည်ရောင်းချခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ပြောင်းလဲဆောင်ရွက်မည့်စနစ်တွင် ဂျပန်နိုင်ငံသို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ပိုမိုအဆင်ပြေစေရန်လည်း စဉ်းစားဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အလှကုန်၊ စားသောက်ကုန်နှင့် အခြားသော လူသုံးကုန်ပစ္စည်းများအတွက် အများဆုံးအခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏသတ်မှတ်ချက်ကိုလည်း ဖယ်ရှားပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ပြောင်းလဲဆောင်ရွက်မည့် စနစ်အသစ်အရ ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များအနေဖြင့် အခွန်လွတ်စတိုးဆိုင်များတွင် ကုန်စည်များ ဝယ်ယူသည့်အခါ စားသုံးခွန်ကိုပါပေးဆောင်ရန် လိုအပ်လာမည်ဖြစ်ကြောင်းနှင့် ဂျပန်နိုင်ငံမှ ပြန်လည်ထွက်ခွာသည့်အချိန်တွင် လေဆိပ်အကောက်ခွန်စစ်ဆေးရေးဌာနမှ အဆိုပါ ဝယ်ယူထားသည့် ကုန်စည်များကို ပြန်လည်စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ပြန်အမ်းငွေကို ငွေသားဖြင့်ဖြစ်စေ၊ Credit Card သို့ဖြစ်စေ ပြန်လည်ထုတ်ပေးသွားရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါ သည်။
လက်ရှိစနစ်တွင် အခွန်ကင်းလွတ်ခွင့်ရမည့် ကုန်စည်များကို “General” နှင့်“Consumable” ဟူ၍ အမျိုးအစား ၂ မျိုး ခွဲခြားသတ်မှတ်ထားကြောင်း၊ “General” အမျိုးအစားတွင် အဝတ်အစားကဲ့သို့သော ကုန်စည်များ ပါဝင်ကြောင်းနှင့် “Consumable”တွင် အလှကုန်နှင့်စားသောက်ကုန်များပါဝင်ကြောင်း၊ ဂျပန်အစိုးရမှ ပြောင်းလဲဆောင်ရွက်မည့်စနစ်တွင် အဆိုပါ အမျိုးအစားများကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း၊ “Consumable” အဖြစ် သတ်မှတ်ထားသည့် ကုန်စည်များအတွက် ယန်း ၅ သိန်းအထိသာ အများဆုံးအခွန်ကင်းလွတ်ခွင့်ပြုမည့် ပမာဏသတ်မှတ်ချက်ကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း၊ ထို့အတူ အခွန်လွတ် စတိုးဆိုင်များအနေဖြင့် အခွန် လွတ်ပစ္စည်းများအား ဝယ်ယူသူမှ ဖွင့်ဖောက်ခြင်းမရှိစေရန် အထူးတိပ်များကပ်ပေးရသည့် လုပ်ငန်းစဉ်ကိုလည်း ပယ်ဖျက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
လက်ရှိစနစ်အရ ဂျပန်နိုင်ငံတွင် ၆ လအောက် လာရောက်လည်ပတ်သူများအနေဖြင့် အခွန်လွတ်စတိုးဆိုင်များတွင် ကုန်စည်များဝယ်ယူသည့်အခါ နိုင်ငံကူးလက်မှတ်နှင့် အခြား စာရွက်စာတမ်းများပြသပါက အခွန်ကင်းလွတ်ခွင့် ရရှိလျက်ရှိကြောင်း၊ သို့သော် လာရောက် လည်ပတ်သူများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ပမာဏနှင့်ညီမျှသည့် အကျိုးအမြတ်များရရှိစေရန်အတွက် ဂျပန်နိုင်ငံအတွင်း၌ ကုန်စည်များကို ပြန်လည်ရောင်းချမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ဂျပန်အကောက်ခွန်ဌာန၏ စစ်တမ်းအရ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ဂျပန်ယန်း သန်း ၁၀၀ အထက် အခွန်လွတ်ကုန်စည်များ ဝယ်ယူထားသူ ၃၇၄ ဦး ရှိခဲ့သော်လည်း အခွန်လွတ်ကုန်စည် ဝယ်ယူထားသူများ၏ ၁၅.၂ ရာခိုင်နှုန်း (သို့မဟုတ်) ၅၇ ဦးမှ ဝယ်ယူထားသည့် ပစ္စည်းများကိုသာ စစ်ဆေးအတည်ပြုနိုင်ခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးနိုင်ခဲ့သည့် ၅၇ ဦးအနက် ၅၆ ဦးမှာ ဝယ်ယူထားသည့် ကုန်စည်များကို ဂျပန်နိုင်ငံပြင်ပသို့ ပြန်လည်သယ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် စားသုံးခွန်ပြန်လည်ပေးဆောင်ရန် လိုအပ်သော်လည်း ၅၅ ဦးမှာ စားသုံးခွန်ပြန်လည်ပေးဆောင်မှုမရှိခဲ့သည့်အတွက် အခွန်မရရှိခဲ့သည့် ပမာဏမှာ ယန်း ၁.၈၅ ဘီလီယံရှိခဲ့ကြောင်း ဖော်ပြထား ပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Japan News (၂၇-၁၁-၂၀၂၄)