ကုန်စည်ဈေးနှုန်းများ မြင့်တက်မှုကြောင့် အိမ်ထောင်စုများအပေါ် ဆိုးကျိုးသက်ရောက် မှုများ လျော့နည်းစေရေးအတွက် ယန်း ၁၃.၉ ထရီလီယံတန်ဖိုးရှိ စီးပွားရေးလှုံ့ဆော်မှုစီမံချက် အသစ်ကို ဂျပန်အစိုးရအနေဖြင့် ဖော်ဆောင်နိုင်ရေး စီစဉ်လျက်ရှိကြောင်း ၂၂-၁၁-၂၀၂၄ ရက်နေ့ ထုတ် The Asahi Shimbun သတင်းစာတွင် “Japan plans 13.9 trillion yen spending in new stimulus package, document shows” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်းတွင် ဂျပန်အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှုစီမံချက်အသစ်သည် ယခင်နှစ်တွင် ဖော်ဆောင်ခဲ့သည့် ယန်း ၁၃.၂ ထရီလီယံတန်ဖိုးရှိ စီးပွားရေးလှုံ့ဆော်မှုစီမံချက်ထက်များပြားလျက်ရှိကြောင်းနှင့် နိုင်ငံ့ကြွေးမြီမှာ နိုင်ငံ့ GDP ၏ ၂ ဆကျော်ရှိသည့် ဂျပန်အစိုးရ၏ ဘဏ္ဍာရေးလိုငွေကိုလည်း ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှု စီမံချက်အသစ်တွင် အစိုးရရင်းနှီးမြှုပ်နှံမှုများနှင့် ချေးငွေများ၊ ပြည်နယ်အစိုးရများ၏ အသုံးစရိတ်များအတွက် ယန်း ၈ ထရီလီယံ အပါအဝင် ပုဂ္ဂလိက ရန်ပုံငွေများပါ ပါဝင်မည်ဆိုပါက စုစုပေါင်း ယန်း ၃၉ ထရီလီယံ ရှိမည်ဖြစ်ကြောင်း၊ ဂျပန်အစိုးရ၏ စီးပွားရေးလှုံ့ဆော်မှုစီမံချက်အသစ်တွင် နေထိုင်ခွန်ကင်းလွတ်ခွင့်ရရှိလျက်ရှိသည့် ဝင်ငွေနည်းအိမ်ထောင်စုများအတွက် အိမ်ထောင်စုတစ်စုလျှင် ယန်း ၃ သောင်း၊ ကလေးငယ်ရှိသည့် အိမ်ထောင်စုများအတွက် ကလေးတစ်ဦးလျှင် ယန်း ၂ သောင်း ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်အစိုးရအနေဖြင့် ၂၀၂၅ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေးပိုငွေ ယန်း ၀.၈ ဘီလီယံ ရှိနိုင် ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ခန့်မှန်းခဲ့ကြောင်း၊ ဆိုလိုသည်မှာ အစိုးရ၏ အခွန်ဘဏ္ဍာရရှိငွေမှာ အစိုးရအသုံးစရိတ်အတွက် ပိုလျှံနိုင်မည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် နိုင်ငံ့အသုံးစရိတ်အတွက် လိုအပ်သည့် ဘဏ္ဍာငွေကို ဖြည့်စွက်ဘဏ္ဍာငွေမှ ရရှိနိုင်ရေး အတွက် ၂၀၂၃ ဘဏ္ဍာနှစ်တွင် ယန်း ၉ ထရီလီယံတန်ဖိုးရှိ အစိုးရ ငွေချေးစာချုပ်များကို ရောင်းချခဲ့ကြောင်း ဖော်ပြထားပါသည်။
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
Source: The Asahi Shimbun