Japan

ဂျပန်အစိုးရအနေဖြင့် ကာဗွန်ထုတ်လွှတ်မှုများပြားသည့် ကုမ္ပဏီများအား Carbon Emissions Trading System တွင် ပါဝင်စေရေး ဆောင်ရွက်သွားမည်

Last Updated:

နှစ်စဉ်ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁ သိန်းအထက် ထုတ်လွှတ်သည့် ကုမ္ပဏီများ အနေဖြင့် ဂျပန်အစိုးရ၏ Carbon Emissions Trading System တွင် ၂၀၂၆ ခုနှစ်မှ စတင်၍ မဖြစ်မနေပါဝင်ရန် လိုအပ်လာမည်ဖြစ်ကြောင်း ဂျပန်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း ၂၁-၁၁-၂၀၂၄ ရက်နေ့ထုတ် The Asahi Shimbun သတင်းစာတွင် “Japan to force firms with high emissions to join carbon trading” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်း၌ ဂျပန်အစိုးရအနေဖြင့် Carbon Emissions Trading System တွင် သံမဏိ၊ လျှပ်စစ်၊ လေယာဉ်၊ သယ်ယူပို့ဆောင်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်သည့် ကဏ္ဍ များမှ ကုမ္ပဏီ ၃၀၀ မှ ၄၀၀ အထိပါဝင်စေရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ စနစ် အရ ကုမ္ပဏီတစ်ခုချင်းစီမှ ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံး ထုတ်လွှတ်ခွင့်ရှိမည့် ပမာဏအား သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်းနှင့် သတ်မှတ်ပမာဏ ကျော်လွန်ထုတ်လွှတ်သည့် ကုမ္ပဏီ များအား ဒဏ်ကြေးငွေများ ပေးဆောင်စေမည် ဖြစ်ကြောင်း၊ ကာဗွန်အခွန်စနစ်တစ်ခု ဖြစ်သည့် Emissions Trading System သည် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအပေါ် မူတည်၍ ဒဏ်ငွေကောက်ခံခြင်း ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချစေရေး အထောက်အပံ့ ဖြစ်စေရန် ကမ္ဘာတစ်ဝန်းတွင် အဆိုပါ စနစ်ကို ကျင့်သုံးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံတွင် အစိမ်းရောင်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အောက်မှ Emissions Trading System ကို ၂၀၂၃ ဘဏ္ဍာနှစ်မှစတင်၍ စမ်းသပ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော် ပါဝင်ဆောင်ရွက်ခဲ့သည့် ကုမ္ပဏီအနည်းငယ်သာ ရှိခဲ့ကြောင်းနှင့် ၂၀၂၆ ဘဏ္ဍာနှစ်မှ စတင်၍ ကုမ္ပဏီများအနေဖြင့် Emissions Trading System တွင် မဖြစ်မနေပါဝင်ရန် လိုအပ်လာမည် ဖြစ် ကြောင်း၊ Emissions Trading System အပြည့်အဝ အကောင်အထည်ဖော်ခြင်းကို ၂၀၂၇ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လွန်ခဲ့သော ၃ နှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုက် တန်ချိန် ၁ သိန်း အထက် ထုတ်လွှတ်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် Emissions Trading System တွင် မဖြစ်မနေ ပါဝင်ရန် လိုအပ်လာမည် ဖြစ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုက် အများဆုံးထုတ်လွှတ်နိုင်မည့် ပမာဏကို သတ်မှတ်ကာ ကုမ္ပဏီများကို ခွဲဝေသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် ပမာဏအောက် လျော့နည်းထုတ်လွှတ်သည့် ကုမ္ပဏီများအနေဖြင့် ပိုလျှံသည့်ပမာဏကို အခြားသော ကုမ္ပဏီများသို့ ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ခွင့်ပြုပမာဏထက် ကာဗွန်ဒိုင်အောက်ဆိုက် ပိုမိုထုတ် လွှတ်သည့် ကုမ္ပဏီများအနေဖြင့် လိုအပ်သည့်ပမာဏအတွက် ဝယ်ယူသုံးစွဲရန် လိုအပ်လာမည် ဖြစ်ကြောင်း၊ ဝယ်ယူသုံးစွဲသည့်ပမာဏထက် ပိုမို၍ ကျော်လွန်ထုတ်လွှတ်ခဲ့ပါက ဒဏ်ငွေများနှင့် အခြားသော ပြစ်ဒဏ်များကို ကျခံရမည် ဖြစ်ကြောင်း၊ ကုမ္ပဏီတစ်ခုချင်းစီအလိုက် အများဆုံး ထုတ်လွှတ်ခွင့်ရှိမည့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပမာဏကို တွက်ချက်ခြင်းအားလာမည့် လများအတွင်း အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 (စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Asahi Shimbun

Category: Japan