Vietnam

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အထူးဦးစားပေး သွင်းကုန်ခွန်များခံစွားခွင့်ရရှိ

Last Updated:

ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက် အကောင်အထည် ဖော်ဆောင်ရွက်မှုနှင့်အညီ မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ဗီယက်နမ်နိုင်ငံ၏ အထူးဦးစားပေး သွင်းကုန်ခွန်များကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှ စတင်ခံစားခွင့်ရှိမည်ဖြစ်ကြောင်း Vietnam Economic News အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ တရုတ်၊ ကိုရီးယားသမ္မတ နိုင်ငံ၊ ဂျပန်၊ သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံတို့သည် ဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင် ရွက်မှု (RCEP) အရ ၂၀၂၂-၂၀၂၇ ကာလအတွင်း အထူးဦးစားပေး သွင်းကုန်အခွန်များ ခံစားခွင့်ရှိမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးရက ကြေညာခဲ့သည်။ အဆိုပါ ကြေညာချက်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ဗီယက်နမ်အစိုးရက အမိန့်အမှတ် ၁၂၉/၂၀၂၂/ND-CP ဖြင့် ကြေညာခဲ့သည်။

ဗီယက်နမ်အစိုးရမှ အမိန့်အမှတ် ၁၂၉/၂၀၂၂/ND-CP ကို ထုတ်ပြန်ခြင်းသည် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (RCEP) နှင့်အညီ ဗီယက်နမ်၏ အကောက်ခွန်စည်းကြပ်မှုဆိုင်ရာ ကတိကဝတ်များကို လိုက်နာအကောင်အထည်ဖော်ခြင်းဆိုင်ရာ ကနဦးခြေလှမ်းဖြစ်ပြီး ၎င်းသည်အခြားလွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (FTA) အကောက်ခွန်စည်းကြပ်သည့် ပုံစံအတိုင်း လိုက်နာဆောင်ရွက်ခြင်းဖြစ်သည်။ ဤထုတ်ပြန်ချက်သည် အဖွဲ့အစည်းများ တည်ထောင်ရာတွင် RCEP အရ ဗီယက်နမ်၏ အကောက်ခွန်ကတိကဝတ်များကို နားလည်သဘော ပေါက်ရန်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံနှင့် အခြားပါဝင်သည့် နိုင်ငံများကြား ကုန်သွယ်မှု အပြန်အလှန် လွယ်ကူချောမွေ့စေရန်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဒီဂရီ ၁၂၉/၂၀၂၂/NP-CP တွင် ဖော်ပြထားသော အခွန်အကောက်များသည် ပုဒ်မ ၄ နှင့် ၅ တို့တွင် ဖော်ပြထားသည့်အတိုင်း အာဆီယံနိုင်ငံများအတွက် အထူးဦးစားပေး သွင်းကုန်အခွန်များ ပါဝင်သည်။ ထို့အပြင် အဆိုပါ အမိန့်တွင် သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အတွက် အထူးဦးစားပေး သွင်းကုန် အကောက်ခွန်အစီအစဉ်များကို သတ်မှတ်ပေးထားသည်။  အဆိုပါ အကောက်ခွန်များသည် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (RCEP) သဘောတူညီချက်အရ ဗီယက်နမ်နိုင်ငံ၏ ဆောင်ရွက်ရန် ကတိကဝတ်များထဲမှ တစိတ်တပိုင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်အစိုးရသည် အမိန့်အမှတ် ၁၂၉/၂၀၂၂/ND-CP ပါ ပုဒ်မအချို့ကို ပြင်ဆင်ဖြည့်စွက်ကာ အမိန့်အမှတ် ၈၄/၂၀၂၃/ND-CP ကို မကြာသေးမီက ထုတ်ပြန်ခဲ့သည်။ အဆိုပါ အမိန့်အသစ်သည် နောက်ထပ်နှစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်၍ အထူးဦးစားပေးသွင်းကုန်အခွန်များ ခံစားခွင့်ရရှိရန် ရည်ရွယ်ကြောင်းဖော်ပြထားပါသည်။

၂၉ ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ ဆွေးနွေးပွဲရလဒ်ကို အကောင်အထည်ဖော်ဆောင် ရွက်ရန်အတွက် အစိုးရရုံးမှ ဇန်နဝါရီလ ၁၄ ရက်နေ့က စာအမှတ် ၁၂၁၈/VPCP –QHQT ဖြင့် ထုတ်ပြန်ခဲ့သည်။ ဗီယက်နမ်နိုင်ငံ၏ အထူးဦးစားပေးသွင်းကုန်ခွန်များအား မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အကျိုး ခံစားခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘဏ္ဍာရေးဝန်ကြီးဌာနကို တောင်းဆိုထားသည်။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင် နိုင်ငံတို့သည် အထူးဦးစားပေးသွင်းကုန်ခွန်များနှင့် အကျုံးဝင်စေရန် ရည်ရွယ်ချက်ဖြင့် ဒီဂရီ ၁၂၉/ ၂၀၂၂/NC-CP ပါ ပုဒ်မအချို့ကို ဘဏ္ဍာရေးဝန်ကြီးဌာနက ပြင်ဆင်ဖြည့်စွက်ခဲ့သည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား အကောင်အထည်ဖော်မှုသည် မကြာသေးမီက ထောက်ပံ့ရေးကွင်းဆက်များ မတည်မငြိမ်ဖြစ်နေချိန်တွင် အာဆီယံနိုင်ငံများအတွက် တည်ငြိမ်ပြီး ရေရှည်ပို့ကုန် ဈေးကွက်ထူထောင်ရန်ဖြစ်ကြောင်း၊ အထူးသဖြင့် ဗီယက်နမ်နိုင်ငံ၏ အဓိကကုန်သွယ်ဘက်နှင့် အဓိက ကုန်ကြမ်းတင်သွင်းသည့် အဖွဲ့ဝင် ၁၅ နိုင်ငံဖြစ်သည့် ဂျပန်၊ တရုတ်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဩစတြေးလျနှင့် နယူးဇီလန်ကဲ့သို့သော နိုင်ငံများနှင့် ပင်ရင်းနိုင်ငံစည်းမျဉ်းများ ချမှတ်ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဗီယက်နမ်စီးပွားရေး လုပ်ငန်းများအတွက် ကုန်ကြမ်းထောက်ပံ့မှုများကို ကွဲပြားစေရန်နှင့် ဒေသတွင်းထောက်ပံ့ရေး ကွင်းဆက်များတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၂၂-၂၀၂၆ ကာလအတွက် ကဏ္ဍလေးခုကို အဓိကထားကာ RCEP အကောင်အထည်ဖော်ရေးအစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ အဓိကကဏ္ဍ (၄) ခုမှာ ဥပဒေနှင့် အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ RCEP အချက်အလက်များ ဖြန့်ဝေခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ခြင်းနှင့် RCEP အခွင့်အလမ်းနှင့် မက်လုံးများ အသုံးချခြင်း တို့ပါဝင်သည်။ အဆိုပါ ကဏ္ဍများကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ဗီယက်နမ်၏စီးပွားရေး လုပ်ငန်းများသည် RCEP သဘောတူညီချက်ပါ အကျိုးကျေးဇူးများကို  အပြည့်အဝ ခံစားနိုင်ကာ ဒေသတွင်း၌ ယှဉ်ပြိုင်နိုင်စွမ်းပိုမိုရှိစေရန် ရည်ရွယ်ကြောင်း သုံးသပ်ရပါသည်။

 

Source: Vietnam Economic News

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam