Singapore

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် စင်ကာပူနှင့် ဗီယက်နမ်တို့ နားလည်မှုစာလွှာများ လက်မှတ်ရေးထိုး

Last Updated:

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ကုန်သွယ်မှု၊ အစိမ်းရောင်-ဒီဂျစ်တယ်စီးပွားရေး၊ ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းများ ပူးပေါင်းဆောင်ရွက်မှုစသည့် နယ်ပယ်များတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာလွှာများကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဖြစ်ပါသည်။ 

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဖော်ပြပါအဓိကကဏ္ဍများတွင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် နားလည်မှုစာလွှာများကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ အဆိုပါလက်မှတ်ရေးထိုးမှုကို ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh ၏ စင်ကာပူနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် Lee Hsien Loong နှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။ 

မည်သို့သော နားလည်မှုစာလွှာများကို စင်ကာပူနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့ လက်မှတ်ရေးထိုး? 

စီးပွားရေး၊ ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာ

စီးပွားရေး၊ ကုန်သွယ်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာကို ၂၀၂၂ ခုနှစ်၊ဖေဖော်ဝါရီလတွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အဆိုပါနားလည်မှုစာလွှာအရ ၂၀၂၃ ခုနှစ်အတွက် စီးပွားရေးချိတ်ဆက်ပွဲများ၊ ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့်ထောက်ပံ့ပို့ဆောင်ရးကဏ္ဍတို့တွင်စင်ကာပူကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေခြင်းစသည်တို့မှတစ်ဆင့် စိုက်ပျိုးရေးကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ခြင်းစသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်သည်။ 

ထို့ပြင် နားလည်မှုစာလွှာအရ သဘာဝဓာတ်ငွေ့ရေ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများတွင်လည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားနိုင်ရန်အတွက် ဖြစ်သည်။ 

ဗီယက်နမ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများအနက် စင်ကာပူနိုင်ငံသည် ၃ နှစ်ဆက်တိုက် အများဆုံးနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံဖြစ်ပြီး၊ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းပေါင်း ၃၆၀၀ ကျော်၊ အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံအထိ ရှိခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၌ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန် ဒေါ်လာ ၆.၄၆ ဘီလီယံရှိပြီး ဗီယက်နိုင်ငံရှိ စုစုပေါင်းနိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၂၃ ရာခိုင်နှုန်း ရှိပါသည်။ ၂၀၂၃ ခုနှစ် ပထမ ၂ လတွင်လည်း စင်ကာပူနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၉၇၈ သန်းဖြင့် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးရင်းနှီးမြှုပ်နှံသည့်နိုင်ငံအဖြစ် ရပ်တည်ခဲ့ပါသည်။ 

စင်ကာပူစီးပွားရေးလုပ်ငန်းများသည် ဗီယက်နမ်နိုင်ငံတွင် ထုတ်လုပ်မှုကဏ္ဍ၊ အိမ်ယာအဆောက်အအုံကဏ္ဍ၊ လက်လီလက်ကားကုန်သွယ်မှုတို့တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍမှာ စင်ကာပူရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် အလားအလာကောင်းလျက်ရှိပါသည်။ 

အစိမ်းရောင် - ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာ

အစိမ်းရောင်- ဒီဂျစ်တယ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာသည် အစိမ်းရောင်စီးပွားရေး၊ ဒီဂျစ်တယ်စီးပွားရေးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သည့် မူဘောင်တစ်ခုဖြစ်ပြီး ချိတ်ဆက်မှု၊ ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုနှင့် အခြေခံအဆောက်အအုံကဏ္ဍစသည်တို့ပါဝင်ပါသည်။ 

စင်ကာပူနိုင်ငံအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုတွင် ၎င်း၏ ကျွမ်းကျင်မှုကို မျှဝေရန် ရည်ရွယ်ထားပြီး e-commerce၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ လူဦးရေစီမံခန့်ခွဲမှုစသည့် အဓိကနယ်ပယ်များတွင် အကူအညီပေးရန် ရည်ရွယ်ပါသည်။ 

အစိမ်းရောင်စီးပွားရေးနှင့်စပ်လျဉ်း၍ ဗီယက်နမ်နိုင်ငံ၏ ၂၀၃၀ တွင် ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိစေရန် ဦးတည်ချက်ဖြင့် စွမ်းအင်အသွင်ကူးပြောင်းမှုတွင် စင်ကာပူနိုင်ငံအနေဖြင့် အကူအညီ ပေးသွား မည်ဖြစ်ပါသည်။ အာဆီယံဒေသတွင်း၌ လျှပ်စစ်ဓာတ်အားကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု စံပုံစံတစ်ခုဖြစ်စေရန် ရည်ရွယ်၍ နှစ်နိုင်ငံကို ချိတ်ဆက်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ဦးတည်ပြီး ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့ပြင် ဗီယက်နမ်နိုင်ငံ၏ ၃၂၆၀ ကီလိုမီတာရှည်လျားသည့် ကမ်းရိုးတန်းသည် စင်ကာပူနိုင်ငံသို့ စွမ်းအင်တင်ပို့နိုင်သည့် နေစွမ်းအင်နှင့် လေစွမ်းအင်ထုတ်လုပ်ရန် အလွန်ကောင်းမွန်သည့် အလားအလာတစ်ခုဖြစ်ပါသည်။ ဗီယက်နမ်နိုင်ငံသည် ၎င်း၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက် အတွက် ကျောက်မီးသွေးတင်သွင်းမှုကို အားထားနေရသည်ဖြစ်ရာ ကမ်းလွန်လေအားလျှပ်စစ် ကဏ္ဍသည် ဗီယက်နမ်နိုင်ငံအတွက် ဖွံဖြိုးတိုးတက်လာနိုင်သည့် ကဏ္ဍတစ်ခုဖြစ်ပါသည်။ 

ဗီယက်နမ်နိုင်ငံ၏ ပျမ်းမျှလေတိုက်နှုန်းမှာ နိုင်ငံ၏ အရှေ့တောင်ပိုင်းရှိ ပြည်နယ်များနှင့်ကမ်းရိုးတန်းတွင် ၁ စက္ကန့်လျှင် ၁၀ မီတာနှုန်းဖြင့် လေတိုက်နှုန်းအမြင့်ဆုံးဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်က ဗီယက်နမ်နိုင်ငံ၏ ကမ်းလွန်လေအားလျှပ်စစ်အလားအလာသည် ၂၀၃၀ ပြည့်နှစ် တွင် ၅၀၀ GW ရှိနိုင်ကြောင်း ခန့်မှန်းထားပါသည်။ 

ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာလွှာ

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ဆိပ်ကမ်းပိုင်းဆိုင်ရာလုပ်ငန်းစဉ်များတွင် ဒီဂျစ်တယ်စနစ်အသုံးပြုခြင်း၊ ပင်လယ်ရေကြောင်းလေ့ကျင့်ရေး၊ ပတ်ဝန်းကျင်ကို ကာကွယ်သောအားဖြင့် အရင်းအမြစ်နှင့် စွမ်းအင်အနည်းဆုံးအသုံးပြု၍ သင်္ဘောဖြင့်သယ်ယူပို့ဆောင်သည့် နည်းလမ်းများ၊ ဆိပ်ကမ်းထိန်းချုပ်မှုကို စစ်ဆေးခြင်းစသည်တို့နှင့်စပ်လျဉ်းသည့် ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းများ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 

အခြေခံအဆောက်အအုံများ ခေတ်မီပြီး ပင်လယ်ဆိပ်ကမ်းလုပ်ငန်းများအတွက် ဗီယက်နမ်နိုင်ငံတွင် ပြီးပြည့်စုံသည့် အခွင့်အလမ်းများရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင် ခေတ်မီပင်လယ်ဆိပ်ကမ်း စနစ်တစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ် ကြောင်း ခန့်မှန်းကြပါသည်။ 

ဗီယက်နမ်အစိုးရက လာမည့် ၁၀ နှစ်ကျော်ကာလတွင် နိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းများ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာစီမံချက်ကို မိတ်ဆက်ခဲ့ပါသည်။ အဆိုပါစီမံချက်အရ ပင်လယ်ဆိပ်ကမ်းများကို နိုင်ငံ၏ ကမ်းရိုးတန်းတစ်လျှောက်တွင် အပိုင်း ၅ ပိုင်းခွဲခြားထားပြီး အစိုးရအနေဖြင့် ၎င်းဆိပ်ကမ်းများတွင် ကုန်စည်တန်ချိန်ပေါင်း ၁.၁ ဘီလီယံမှ ၁.၄ ဘီလီယံအကြား ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ရည်မှန်းထားပါသည်။ လက်ရှိတွင် ဆိပ်ကမ်းများမှာ တန်ချိန်ပေါင်း ၅၀၀ မီလီယံကိုသာ ကိုင်တွယ်ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ ပမာဏကြီးမားသည့် တန်ချိန်များကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ရည်မှန်းထားပါသည်။ 

စင်ကာပူ ပင်လယ်ရေကြောင်းနှင့် ဆိပ်ကမ်းအာဏာပိုင်သည် ပို့ဆောင်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခုဖြစ်ကာ ဆိပ်ကမ်းနှင့် ပင်လယ်ရေကြောင်း ဝန်ဆောင်မှုလုပ်ငန်းများကို စီမံခန့်ခွဲမှုနှင့် စည်းမျဉ်းထိန်းကြောင်းမှုတို့ကို ဆောင်ရွက်သည့်ဌာနဖြစ်ပါသည်။ ၎င်းအနေဖြင့် ဗီယက်နမ်နိုင်ငံ၏ ပင်လယ်ရေကြောင်းကဏ္ဍ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်ရာတွင် အကူအညီပေးရန် အကောင်းဆုံးအနေအထားတွင် ရှိနေပါသည်။

စင်ကာပူဆိပ်ကမ်းသည် အရှေ့-အနောက်ကုန်သွယ်မှုလမ်းကြောင်းပေါ်တွင် တည်ရှိပြီး နိုင်ငံပေါင်း ၁၂၀ ကျော်မှ ဆိပ်ကမ်းပေါင်း ၆၀၀ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းဆိပ်ကမ်းသည် ပေ ၂၀ ကုန်သေတ္တာ ၃၇.၂ မီလီယံကျော်နှင့် ကုန်စည်တန်ချိန် ၆၂၆.၂ မီလီယံကို နှစ်စဉ်ကိုင်တွယ်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အလုပ်အများဆုံး ဆိပ်ကမ်းများအနက်မှ တစ်ခု ဖြစ်ပါသည်။ 

ထို့ပြင် အစိုးရက ၂၀၄၀ ပြည့်နှစ်တွင် Tuas Mega ဆိပ်ကမ်းပြီးစီးပါက ဆိပ်ကမ်းဝန်ဆောင်မှုကို ပိုမိုလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိပါသည်။ ၎င်းဆိပ်ကမ်းသည် လက်ရှိဆိပ်ကမ်း ၅ ခု၏ စွမ်းဆောင်ရည်နှင့်ညီမျှသည့် ပေ ၂၀ ကုန်သေတ္တာပေါင်း ၆၅ မီလီယံကို ကိုင်တွယ်ဆောင်ရွက် နိုင်သည့် ကမ္ဘာ့အကြီးဆုံးကုန်သေတ္တာ ကိုင်တွယ်ဆောင်ရွက်ရာနေရာ ဖြစ်လာမည်ဖြစ်ပါသည်။  

 


(စီးပွားရေးသံမှူး၊ စင်ကာပူမြို့)
အရင်းအမြစ်https://www.aseanbriefing.com/news/singapore-and-vietnam-sign-mous-to-enhance-economic-cooperation/?utm_source=traqli&utm_medium=email&utm_ campaign=VBEdition&pnespid= 57OMkJFU4LTbpKnprhWhreUd4AoJqHxpwAJ2A01v7k6VuA1lX0nAHj8HHVXDHdJbGK1M80c 

Category: Singapore