Germany

ဂျာမန်စီးပွားရေး အနည်းငယ် တိုးတက်လာမှုကြောင့် ဝယ်ယူသုံးစွဲမှု မျှော်လင့်ချက်များ မြင့်တက်လာ

Last Updated:

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီ၏ စီးပွားရေးသည် ယမန်နှစ်အကုန်တွင် ကျဆင်းနေခဲ့ရာမှ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တိုးတက်ကောင်းမွန်လာခဲ့ကြောင်း German Federal Statistical Office (Destatis) က ၃၀-၄-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။ ပထမသုံးလပတ်အပြီးတွင် ထွက်ပေါ်လာသော ကိန်းဂဏန်းများသည် စွမ်းအင်သုံးစွဲမှုအပေါ် အခြေခံသည့် ဂျာမန်စီးပွားရေးနှင့် စပ်လျဉ်း၍ ကျဆင်းပြီးနောက်ပိုင်း အလှည့်အပြောင်း ဖြစ်လာနိုင်သည်ဟု ကြိုတင်တွက်ချက်ထားခဲ့ကြသော စီးပွားရေးပညာရှင်များအတွက် သက်သေပြနိုင်စရာတစ်ခု ဖြစ်ခဲ့ပါသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဂျာမန်စီးပွားရေးကို လွန်ခဲ့သော (၃) လအတွင်းက ၀.၅ ရာခိုင်နှုန်း စီးပွားရေးကျုံ့နေမှုနှင့် နှိုင်းယှဉ်ပါက ၀.၂ ရာခိုင်နှုန်း တိုးလာသည်ဟု Destatis က ပြောကြားခဲ့သည်။ နောက်ဆုံးအကြိမ် စီးပွားရေးတိုးတက်လာမှုသည် ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပို့ကုန်တင်ပို့မှု လုပ်ငန်းနှစ်ခုစလုံးတွင် တိုးတက်မှုရှိလာသည်ကို ထင်ဟပ်စေကြောင်း၊ သို့သော်လည်း ယခုသုံးလပတ်တွင် အိမ်ထောင်စုများ၏ သုံးစွဲမှုကျဆင်းခဲ့ကြောင်း Destatis က ဆက်လက်ပြောကြားခဲ့သည်။

စွမ်းအင်ကုန်ကျစရိတ်မြင့်မားမှုများ၊ ငွေကြေးဖောင်းပွမှုမြင့်မားခြင်းနှင့် အတိုးနှုန်းမြင့်မားခြင်းတို့ကြောင့် စီးပွားရေးလုပ်ငန်းများကို ရုန်းကန်ခဲ့ရသဖြင့် ဂျာမန်စီးပွားရေးအပေါ် အမှောင်ရိပ်သဖွယ်ဖြစ်စေခဲ့ပါသည်။

၂၀၂၃ ခုနှစ် တစ်နှစ်လုံးတွင် ဂျာမနီ၌ ဈေးနှုန်းအတက်အကျကြောင့် ဂျီဒီပီမှာ ၀.၂ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့သဖြင့် စီးပွားရေးအနည်းငယ်ကျဆင်းမှုသို့ ရောက်ရှိသွားခဲ့ပြီး၊ စွမ်းအင်ကုန်ကျစရိတ်နှင့် ငွေကြေးဖောင်းပွမှုတို့နှင့်အတူ ဂျာမန်စီးပွားရေးအပေါ် ရှုမြင်သုံးသပ်ချက် အလားအလာများပါ ကျဆင်းခဲ့ပါသည်။

၃၀-၄-၂၀၂၄ တွင် ထွက်ပေါ်လာသော အချက်အလက်များအရ နိုင်ငံပေါင်း (၂၀) ကျော် ပါဝင်သော ယူရိုဇုန်၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် မျှော်လင့်ထားသည်ထက် ပိုမိုတိုးတက်လာခဲ့ပြီး ငွေကြေးဖောင်းပွမှုကို ပြန်လည်ထိန်းချုပ်လာနိုင်မှုနှင့်အတူ စီးပွားရေးကျဆင်းမှု အခြေ အနေမှ ရုန်းထွက်လာနိုင်ခဲ့ကြောင်း သိရှိရပါသည်။

ယူရိုငွေကြေးတစ်ခုတည်းကိုသာ သုံးစွဲသော ယူရိုဇုန်၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၃ ခုနှစ် နှစ်အကုန်နှင့် နှိုင်းယှဉ်ပါက ပထမသုံးလပတ်တွင် ၀.၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကြောင်း The EU's official data agency က ပြောကြားခဲ့ပါသည်။

ဂျာမန်စီးပွားရေးမှာ နောက်ပိုင်းတွင် တိုးတက်ကောင်းမွန်လာနိုင်သည်ကို စီးပွားရေးဆိုင်ရာ အလှည့်အပြောင်းများက ပြသနေကြောင်း၊  ဂျာမန်စီးပွားရေးအပေါ်အကောင်းမြင်မှုများ ရှားပါးလာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ သို့သော်လည်း ယခုရက်သတ္တပတ် အနည်းငယ်အတွင်း အခြေ အနေ ကောင်းမွန်လာတော့မည်ဟူသော မျှော်လင့်ချက်အကောင်းမြင်မှုများ ပြန်လည်ဖြစ်ပေါ်လာလျက်ရှိကြောင်း ING Bank Analyst ဖြစ်သူ Carsten Brzeski က ပြောကြားခဲ့ပါသည်။

ထို့ပြင်အီရန်နှင့် အစ္စရေးတို့အကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ရေနံဈေးနှုန်းများမြင့်တက်လာနိုင်သည့်အပြင် ပင်လယ်နီတွင် ဖြစ်ပွားနေသည့် တင်းမာမှုများကြောင့်လည်း စက်မှုလုပ်ငန်းနှင့် ပို့ကုန်တင်ပို့မှုများ  ကျဆင်းသွားနိုင်ကြောင်း၊ ၂၀၂၄ ခုနှစ် ဧပြီလတွင် ဂျာမနီနိုင်ငံ၌ အလုပ်လက်မဲ့နှုန်း ၅.၉ ရာခိုင်နှုန်းဖြင့် တည်ငြိမ်မှုရှိနေသော်လည်း အလုပ်သမား ဈေးကွက်ကို အားနည်းသွားစေနိုင်မည့် စီးပွားရေးလုပ်ငန်းရှင်များ၏ ဒေဝါလီခံမှုများ တိုးလာနိုင်ကြောင်း ၎င်းက သတိပေးပြောကြားခဲ့သည်ဟု ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.comengermanys-economy-shows-slight-upturn-raising-hopesa-68958005

(ဒေါ်သန္တာစော၊ စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany