Vietnam

ဗီယက်နမ်နိုင်ငံမှ သစ်သီးဝလံ တင်ပို့မှု မြင့်တက်လာပြီး လိုင်ချီးစ်သီးအထွက်နှုန်းကျဆင်း

Last Updated:

ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် တစ်နှစ်ထက်တစ်နှစ် တန်ဖိုး ၂၈၁.၁ ရာခိုင်နှုန်းတိုးလာကာ ယခုနှစ်ပထမ (၅) လအတွင်း စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၂.၅၉ ဘီလီယံထိ ရောက်ရှိခဲ့သည်။

ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်းဥက္ကဋ္ဌ Nguyen Thanh Binh က ဒူးရင်း၊ နဂါးမောက်သီး၊ ပိန္နဲသီးနှင့် ငှက်ပျောသီးတို့မှ အဓိကနိုင်ငံခြားငွေ ရရှိလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ပြည်တွင်းမှ ဝယ်လိုအားနှင့် ပြည်ပမှ ပုံမှန်ဝယ်နေကျနှင့် ဈေးကွက်သစ်များ ဆက်လက်ရှိနေသည့်အတွက် သစ်သီးဝလံတင်ပို့မှုသည် အပြုသဘောဆောင်သော လမ်းကြောင်းတွင် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ဒူးရင်း၊ နဂါးမောက်သီး၊ နာနတ်သီး၊ ဖရဲသီး၊ သရက်သီး၊ လိုင်ချီးစ်သီးတို့ ရိတ်သိမ်းချိန်ရောက်ရှိလာခြင်းကြောင့် အဆိုပါအကောင်းမြင်မှုကို ပိုမိုအားကောင်းစေကြောင်း ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့အပြုသဘောဆောင်သော အလားအလားများရှိနေသော်လည်း ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံတင်ပို့မှုတွင် စိန်ခေါ်မှုတစ်ရပ်ရှိနေကြောင်း၊ ရာသီဥတုအခြေအနေများကြောင့် ၂၀၂၄ ခုနှစ်တွင် လိုင်ချီးစ်သီး ထုတ်လုပ်မှုပမာဏ တန်ချိန် ၂၀၀,၀၀၀ ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ၎င်းသည် ၂၀၂၃ ခုနှစ် ပမာဏနှင့် နှိုင်းယှဉ်ပါက ထက်ဝက်နီးပါး လျော့ကျ သွားကြောင်း သိရှိရပါသည်။

မြောက်ပိုင်း Bac Giang သည် လိုင်ချီးစ် အဓိက ထွက်ရှိရာဒေသဖြစ်ပြီး စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ ခရိုင်စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ အဆိုအရ ပြည်နယ်၏ လိုင်ချီးစ်အထွက်နှုန်းမှာ တန်ချိန် ၁၀၀,၀၀၀ ဝန်းကျင်ရှိမည်ဟု မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ်ထက် ထက်ဝက်ဖြစ်ကြောင်း၊ ယခုနှစ်တွင် တန်ချိန် ၇၀,၀၀၀ ခန့် တင်ပို့နိုင် မည်ဟုမျှော်မှန်းထားပြီး စုစုပေါင်း အထွက်နှုန်း၏ ၇၀ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း သိရပါသည်။ ပြည်နယ်အနေဖြင့် အထွက်နှုန်း စိန်ခေါ်မှုကို ဖြေရှင်းရန် အစီအမံများ ဆောင်ရွက်လျက်ရှိပါသည်။

မြောက်ပိုင်းပြည်နယ် Hai Duong သည် တရုတ်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ မလေးရှား နှင့် ကိုရီးယားသမ္မတနိုင်ငံ အပါအဝင် နိုင်ငံအသီးသီးသို့ ၎င်း၏ လိုင်ချီးစ်တင်ပို့မှုကို မြှင့်တင်ရန် အလေးနက်ထားဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် Thanh Ha ခရိုင်သည် VietGAP နှင့် GlobalGAP စံနှုန်းများအပါအဝင် ၎င်း၏ လိုင်ချီးစ်တင်ပို့မှုအတွက် အသိအမှတ်ပြု လက်မှတ် များနှင့် လိုင်စင်များရရှိရေးတို့တွင် သိသားထင်ရှားသော တိုးတက်မှုကိုရရှိခဲ့ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် ဂျပန်နိုင်ငံသို့ တင်ပို့မည့် လိုင်ချီးစ်သီး တင်ပို့ခြင်းအတွက် ထုပ်ပိုးခြင်း၊ ပြုပြင်ခြင်းနှင့် အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို စောင့်ကြည့်ရန် ဗီယက်နမ်နိုင်ငံသို့ ကျွမ်းကျင်သူများ စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) သည် လိုင်ချီးစ် တင်ပို့မှုကို မြှင့်တင်ရုံသာမက ဗီယက်နမ်၏ စိုက်ပျိုးဈေးကွက်ကိုလည်း အခြားနိုင်ငံများသို့ ချဲ့ထွင်ရန် တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။ တရုတ်၊ အမေရိကန်၊ အီးယူ၊ ရုရှား၊ ဂျပန်နှင့် ကိုရီးယားတို့ကဲ့သို့ သမာရိုးကျဈေးကွက်များတွင် စိုက်ပျိုးရေးထုတ်ကုန်များအတွက် နည်းပညာနှင့် ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများကို ဖယ်ရှားရန်ဆက် လက်ကြိုးပမ်းလျက်ရှိသည်။

ဝန်ကြီးဌာနအနေဖြင့် လက်ရှိဈေးကွက်များကို တိုးချဲ့ရန်ကြိုးပမ်းနေရုံသာမက အလား အလာရှိသော ဈေးကွက်သစ်များကို မျှော်မှန်းထားပါကြောင်း၊ အထူးသဖြင့် ဟာလာနိုင်ငံများဖြစ်သည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ဖြစ်ကြောင်း၊ ပို့ကုန်အနေဖြင့် အေးခဲထားသော ဒူးရင်းနှင့် အုန်းသီးလတ်လတ်ဆတ်ဆတ်များကို တရုတ်ပြည် တင်ပို့ရန် ဦးစားပေးလုပ်ဆောင်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam