Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ဆန်တင်သွင်းမှု ၂၀.၃% ထိ မြင့်တက်ခဲ့ပြီး မက်ထရစ်တန်ချိန် ၂ သန်းနီးပါးထိ တင်သွင်းခဲ့ပြီးဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ ၅ လတာကာလအတွင်း မက်ထရစ်တန်ချိန် ၂ သန်းနီးပါးခန့်ထိ တင်သွင်းခဲ့ပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက မြင့်တက်ခဲ့ကြောင်း Bureau of Plant and Industry-BPI ၏ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ မက်ထရစ်တန်ချိန် ၁.၉၇ သန်း တင်သွင်ခဲ့မှုအား ၂၀၂၃ ခုနှစ်၊ အလားတူကာလက မက်ထရစ်တန်ချိန် ၁.၆၄ သန်း တင်သွင်းခဲ့မှု နှင့် နှိုင်းယှဉ်ပါက ၂၀.၃% မြင့်တက်ခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။

စိုက်ပျိုးရေးဝန်ကြီးဌာနလက်အောက်ခံ Burau of Plant and Industry-BPI မှ ၂၀၂၄ ခုနှစ် နှစ်စမှစ၍ ဆန်တင်သွင်းသူများအတွက် Sanitary and pytosanitary import clearance အစောင်ရေ စုစုပေါင်း (၄,၀၆၆) စောင်အား ထုတ်ပေးထားရှိပြီးဖြစ်ပါသည်။ ၂၀၂၄ ခုနှစ်အတွင် ဗီယက်နမ်နိုင်ငံ သည် ထိပ်တန်းဆန်တင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၂၃ ရက်နေ့ထိ ဆန်တန်ချိန် မက်ထရစ်တန် ၁.၄၄ သန်းအားလည်းကောင်း၊ ထိုင်းနိုင်ငံမှ ၃၀၀,၂၂၇.၂၄ တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၄၄,၈၃၄.၅၀ တန်၊ မြန်မာနိုင်ငံမှ ၆၅,၀၈၀ တန်နှင့် ကျန်ရှိသည့်တင်သွင်းမှု ပမာဏမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ အီတလီနှင့် စပိန်နိုင်ငံတို့မှ ဖြစ်ပါသည်။

၂၀၂၃ ခုနှစ်က ဆန်တင်သွင်းမှုမှာ တန်ချိန် ၃.၆ သန်းရှိခဲ့၍ ၂၀၂၂ ခုနှစ်တင်သွင်းမှု တန်ချိန် ၃.၈၂ သန်းနှင့် နှိုင်းယှဉ်ပါက ၅.၉% ထိကျဆင်းခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ် ဆန်တင်သွင်းမှုမှာ ၂၀၂၃ ခုနှစ် တင်သွင်းမှုထက် မကျော်လွန်နိုင်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ခန့်မှန်းတွက်ချက် ထားသော်လည်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင်လည်း ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နိုင်ကြောင်း ခန့်မှန်းတွက်ချက်ထားပါသည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းတွက်ချက်မှုအရ ပြည်တွင်းစားသုံးမှု တိုးမြင့်လာခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန်ချိန် ၄.၂ သန်းထိ ရောက်ရှိနိုင်ကြောင်း၊ ပြည်တွင်းဆန်ထွက်ရှိမှုမှာ အယ်နီညိုရာသီ၏ သက်ရောက်မှုကြောင့် ဧပြီလထိ ၁၀.၉ % ကျဆင်းခဲ့ပါ ကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏမှာ ၂၀၂၄ ခုနှစ်၊ မေလတွင် မက်ထရစ်တန် ၁.၃၇ သန်း ရှိရာမှ ယခုလဆန်းထိ ခန့်မှန်းတန်ချိန် ၁.၆၄ သန်းသို့ရောက်ရှိခဲ့သဖြင့် ၂၀.၂% ထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုပမာဏ စုစုပေါင်းတန်ချိန် ၃.၆ သန်းကျော်ထိ ရှိခဲ့ပြီး ဗီယက်နမ်နိုင်ငံမှ ထိပ်တန်းတင်ပို့သည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံမှ ၁၅၁,၁၈၃ တန် တင်သွင်းခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ ၂၃ ရက်ထိ Bureau of Plant and Industry မှထုတ်ပြန်သည့် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံမှ ဆန်တင်သွင်းမှုတန်ချိန် ၆၅,၀၈၀ တန်ထိရှိခဲ့ပြီဖြစ်ပါသည်။ ဇန်နဝါရီလတွင် တန်ချိန် ၂၈,၃၇၈ တန်၊ ဖေဖော်ဝါရီလတွင် ၁၁,၉၅၀ တန်၊ မတ်လတွင် ၅,၇၂၀ တန်နှင့် ဧပြီလ တွင် ၂,၆၀၀ တန်ထိ လအလိုက်ပေးပို့ခဲ့သဖြင့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ပုံမှန်တင်ပို့မှုပမာဏအတိုင်း ဆက်လက်ပေးပို့နိုင်ခဲ့ပါကြောင်း သုံးသပ်လေ့လာတင်ပြအပ်ပါသည်။

 

 

Source; https://www.manilatimes.net/2024/06/03/business/top-business/rice-imports-up-203-to-nearly-2-million-mt/1949715

(ကေသွယ်ခိုင်၊စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines