USA

အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းတိုးမြှင့်မှုကို လိုလားနှစ်သက်သည့် အထည်ချုပ်စက်ရုံများ

Last Updated:

တရုတ်ထုတ်ကုန်များအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းကို ကန့်ကွက်သည့် အမေရိကန်သွင်းကုန်လုပ်ငန်းရှင်များရှိသော်လည်း အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းတိုးမြှင့်မှုကို လိုလားနှစ်သက်သည့် အမေရိကန်အထည်ချုပ်စက်ရုံများလည်းရှိကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၂၈-၅-၂၀၂၄ ရက်၌ “Meet the Shirt Maker Who Loves U.S. Tariffs” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

Ferrara Manufacturing စက်ရုံသည် အမေရိကန်နိုင်ငံ၏ အဓိကကုန်အမှတ်တံဆိပ်များအတွက် ရှပ်အင်္ကျီ၊ ဂျက်ကတ် (Jacket) နှင့် အခြားအဝတ်အထည်များ ထုတ်လုပ်လျက်ရှိသည့် ကုမ္ပဏီဖြစ်ပြီး ယခင်ဆယ်စုနှစ်နှစ်ခုကျော်ကတည်းက အမေရိကန်နိုင်ငံသို့ တင်သွင်းလျက်ရှိသည့် ဈေးနည်းသော တရုတ်ထုတ်ကုန်များနှင့် ယှဉ်ပြိုင်နေရကြောင်း၊ ၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့် သည် အမေရိကန်နိုင်ငံသို့ သွင်းကုန်များအပေါ် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခဲ့ခြင်းကြောင်း Ferrara Manufacturing အနေဖြင့် စီးပွားရေးပြန်လည်ရှင်သန်လာခဲ့ကြောင်း၊ တရုတ်ထုတ်ကုန်များကို အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမှသာ ၎င်း၏လုပ်ငန်း ရှင်သန်ကြီးထွားလာနိုင်မည်ဟု Ferrara Manufacturing အနေဖြင့် ယူဆလျက်ရှိကြောင်း၊ သမ္မတဒေါ်နယ်ထရမ့်လက်ထက် အမေရိကန်- တရုတ်ကုန်သွယ်ရေး တင်းမာမှုအရှိန်မြင့်တက်ခဲ့ပြီး ချည်နှင့် သားရေပါဝင်သည့် အထည် အလိပ်များကို (၂၅) ရာခိုင်နှုန်းနှင့် အထည်အလိပ်နှင့် အဝတ်အထည်များကို (၇.၅) ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့်ဆောင်ရွက်သွားမည်ဆိုသည့် မူဝါဒအရ တရုတ်နိုင်ငံသည် ထုတ်ကုန်အများအပြား ထုတ်လုပ်လျက်ရှိကြောင်း၊ ဤသည်ကို အရေးယူဆောင်ရွက်ရန်၊ အမေရိကန်နိုင်ငံအတွင်း ထုတ်လုပ်မှုတိုးလာရန်နှင့် ကုန်ထုတ်လုပ်မှု ထောက်ပံ့ရေးကွင်းဆက်ကို ပြန်လည်ပြင်ဆင်ရန် အမေရိကန်နိုင်ငံက အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း၊ သို့ရာတွင် တရုတ်ကုမ္ပဏီများအနေ ဖြင့် အကောက်ခွန်တိုးမြှင့် ကောက်ခံမှုကို ရှောင်ရှားရန်အတွက် မက္ကဆီကိုနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်လာသည်ကို တွေ့ရကြောင်း၊ သွင်းကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည် စားသုံးသူများအပေါ် ပို၍ဝန်ပိစေနိုင်သည်ဟု စောဒကတက်ကြသော်လည်း အမေရိကန်နိုင်ငံအတွင်းရှိ အထည်ချုပ်လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာဈေးကွက်တွင် ၎င်းတို့၏ ထုတ်ကုန်များ ပို၍ယှဉ်ပြိုင်လာနိုင်မည့် အလားအလာရှိသည်ဟု ယူဆကြကြောင်း၊ အမေရိကန်နိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အထည်အလိပ်နှင့် အဝတ်အထည်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅.၂) ဘီလီယံ တင်သွင်းခဲ့ကာ စုစု ပေါင်းသွင်းကုန်အားလုံး၏ (၂၄) ရာခိုင်နှုန်းရှိကြောင်း၊ သို့ရာတွင် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၂.၇) ဘီလီယံ၊ ၂၀၁၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၄၃.၂) ဘီလီယံရှိခဲ့သဖြင့် ယခင်နှစ်တွင် လျော့ကျလာခဲ့ကြောင်း၊ အမေရိကန်အထည်ချုပ်လုပ်ငန်းများအနေဖြင့် အွန်လိုင်းမှဈေးနှုန်းသက်သာစွာဖြင့် ရောင်းချကြသည့် Shein နှင့် Temu အပါအဝင် အခြားရောင်းချသူများနှင့် ယှဉ်ပြိုင်နေရကြောင်း၊ တရုတ်အွန်လိုင်းရောင်းချသူများသည် အမေရိကန်ကုန်သွယ်မှုမူဝါဒပါ De Minimis provision အရ တန်ဖိုး အမေရိကန်ဒေါ်လာ (၈၀၀) အောက် ပစ္စည်းအထုပ်ငယ်များသည် အကောက်ခွန်ကင်းလွတ်ခွင့် ရရှိသည်ဆိုသည့်အချက်ကို အသုံးချလျက် အမေရိကန်နိုင်ငံအတွင်းသို့ ပစ္စည်းများ ပို့ဆောင်လျက် ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလတွင် အမေရိကန်နိုင်ငံ၏ အထည်အလိပ်နှင့် အဝတ်အထည် ထုတ်လုပ်မှုကဏ္ဍ၌ အလုပ်အကိုင်ပေါင်း (၂၆၇,၀၀၀) ခန့်ထားလျက်ရှိပြီး ၁၉၉၉ ခုနှစ်တွင် အလုပ်အကိုင်ပေါင်း (၁.၂) သန်းအထိခန့်ထားနိုင်ခဲ့သဖြင့် ယခုခန့်ထားသည့်အလုပ်အကိုင်မှာ အစိတ်အပိုင်းငယ်တစ်ခုခန့်သာ ရှိကြောင်း၊ ယခင်က Levi Strauss သို့ ဂျင်းအထည်စများ ထုတ်လုပ်ပေးခဲ့သည့် Greenwood Mills သည် အလုပ်အကိုင်အပေါင်း (၁၀,၀၀၀) အထိခန့်ထားနိုင်သော်လည်း ၁၉၉၈ ခုနှစ်တွင် စက်ရုံ (၇) ရုံပိတ်သိမ်းခဲ့ရကာ ယခုအခါ အလုပ်သမားပေါင်း (၃၂၀) သာ ခန့်ထား၍ လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း၊ ထို့အပြင် ဂျင်းအထည်စများထုတ်လုပ်မှုရပ်ဆိုင်းကာ အမေရိကန်စစ်တပ်၊ လျှပ်စစ်နှင့် အခြားကဏ္ဍရှိ အလုပ်သမားများအတွက်ဝတ်စုံများကို ပြောင်းလဲထုတ်လုပ်လျက်ရှိပါကြောင်း သိရှိရပါသည်။

 

 

Source: https://www.wsj.com/articles/meet-the-shirt-maker-who-loves-u-s-tariffs-1f32a2fa? page=1

(စီးပွားရေးသံမှူး၊ ခင်ဆွေဦး)

Category: USA