Germany

ဂျာမနီ၏ ငွေကြေးဖောင်းပွမှုနှုန်းသည်(၄) လတာကာလအတွင်းပထမဆုံးအကြိမ်မြင့်တက်

Last Updated:

ဂျာမနီတွင် ငွေကြေးဖောင်းပွမှုနှုန်းတစ်နှစ်ထက်တစ်နှစ် မြင့်တက်လာနေခြင်းကို မှတ်တမ်း ထားရှိခဲ့မှုအရ ၂၀၂၃ခုနှစ်၊ ဇွန်လ၏ ငွေကြေးဖောင်းပွမှု နှုန်းမှာ ၆.၄ ရာခိုင်နှုန်းဖြစ်ပြီး၊ ၎င်းမှာ ဖေဖော်ဝါရီလနောက်ပိုင်းတွင် ပထမဆုံးအကြိမ် မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း The German Federal Office of Statistics (Destatis) ၏ ယာယီကိန်းဂဏန်းများအရ သိရှိရပါသည်။

လူသုံးကုန်ပစ္စည်းများအတွက် ကုန်ကျစရိတ်ကို ယခင်နှစ်၏ အလားတူလနှင့် နှိုင်းယှဉ်လိုက်ပါက ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းမှာ ပေါ်လွင်နေပေသည်။

ဆိုလိုသည်မှာ ၂၀၂၂ခုနှစ်၊ ဇွန်လက အခြေခံကုန်ပစ္စည်းများ၏ ပျမ်းမျှကုန်ကျစရိတ်ထက်၂၀၂၃ ခုနှစ်၊ ဇွန်လ၏ ကုန်ကျစရိတ်က ၆.၄ ရာခိုင်နှုန်းပိုများနေပါသည်။ ၂၀၂၃ ခုနှစ်၊ မေလ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၆.၁ ရာခိုင်နှုန်း ဖြစ်ပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ကုန်ပစ္စည်းအမျိုးမျိုးအတွက် အလုံးစုံ ထည့်သွင်းစဉ်းစားသော်လည်း ကဏ္ဍအလိုက် သိသာစွာ ကွဲပြားခြားနားမှုများ ရှိနေပေသည်။ ဥပမာအားဖြင့် အစားအသောက် စျေးနှုန်းများမှာ ၁၃.၇ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပါသည်။ အဆိုပါ ကိန်းဂဏန်းသည် မေလကထက် နိမ့်ကျခဲ့သော်လည်း စားသုံးသူများအတွက်မူ သိသာထင်ရှားစွာ ဝန်ထုပ်ဝန်ပိုးဖြစ်နေဆဲပင်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ စွမ်းအင်စျေးနှုန်းများမှာ ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ၃ ရာခိုင်နှုန်းခန့်သာ မြင့်တက်ခဲ့ပါသည်။

ရုရှားနှင့် ယူကရိန်း ပဋိပက္ခကြောင့် ဂျာမနီနှင့် အခြားဥရောပနိုင်ငံများသည် ရုရှားမှရရှိသော fossil fuel များ သုံးစွဲမှုကို လျှော့ချခဲ့ရသဖြင့် စွမ်းအင်ကဏ္ဍသည် ထိခိုက်မှုအများဆုံး ကဏ္ဍများအနက်မှ တစ်ခုဖြစ်လာခဲ့သည်။

စားသုံးသူများသည် ငွေကြေးဖောင်းပွမှုမြင့်မားခြင်းကို လပေါင်းများစွာရင်ဆိုင်နေရပြီး ၎င်းတို့အနေဖြင့် ယခုအချိန်တွင် အစားအသောက်စရိတ် အလျင်မီရန် ခက်ခဲနေကြောင်း ပြောဆိုနေကြပါသည်။ 

ဥရောပဗဟိုဘဏ် (ECB) သည် အသုံးစရိတ်ကို လျှော့ချရန်နှင့် ငွေကြေးဖောင်းပွမှုကို လျော့နည်း လာစေရန် ကြိုးပမ်းမှုအနေဖြင့် အတိုးနှုန်းကို ၄ ရာခိုင်နှုန်းသို့ မကြုံစဖူး မြှင့်တင်ခဲ့သကဲ့သို့ ECB ၏ ဥက္ကဋ္ဌဖြစ်သူ Ms. Christine Lagarde ကလည်း ဇူလိုင်လတွင် နောက်ထပ် အတိုးနှုန်း တိုးမြှင့် ရန် ဖြစ်နိုင်ချေအလွန်များကြောင်းပြောကြားခဲ့ပါသည်။

 

 

Source:         https://www.dw.com/en/germany-inflation-rate-rises-for-first-time-in-4-months/a-66069681

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany