Thailand

လာအိုမှတစ်ဆင့် ကုန်စည်များ ဖြတ်သန်းသွားလာရာတွင် လွယ်ကူချောမွေ့စေရေးအတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးတည်ဆောင်ရွက်သွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံလုပ်ငန်းရှင်များက တရုတ်နိုင်ငံသို့ အသီးအနှံများ တင်ပို့ရာတွင် တရုတ်-လာအို ရထားလမ်းကြောင်းကို အသုံးပြုခြင်းအား ပိုမိုစိတ်ဝင်စားမှုရှိကြောင်း စိစစ်တွေ့ရှိရပြီးနောက် ရှိပြီးဖြစ်သော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များ (Free-Trade Agreements- FTAs) ပါ ခံစားခွင့်များကို အသုံးချခြင်းဖြင့် လာအိုနိုင်ငံတွင် ဈေးကွက်အခွင့်အလမ်းများ ရှာဖွေပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကတိပြုပြောကြားလိုက်ပါသည်။

တရုတ်-လာအို ရထားလမ်းကို  ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာမှစ၍ ဖွင့်လှစ်ခဲ့ပြီး ယင်းလမ်းဖွင့်ပြီးနောက် ထိုင်းနိုင်ငံမှ တရုတ်သို့ အသီးအနှံတင်ပို့မှု မြင့်တက်လာခဲ့ကြောင်း၊ ထိုင်းနိုင်ငံ၊  Nong Khai မှ လာအိုကို ဖြတ်၍ တရုတ်ကူမင်းသို့ သွားသည့်လမ်းကြောင်းကြောင့် လွယ်လွယ်ကူကူသယ်ပို့နိုင်ပြီး ပို့ဆောင် သည့် ကြာချိန်မှာလည်း ယခင်  ၂ ရက်ကျော်ကြာမြင့်ရာမှ ယခုတွင် ၁၅ နာရီခန့်သာ ကြာမြင့်သဖြင့် လျော့နည်းသွားပါကြောင်း၊ အအေးခန်း ကုန်သေတ္တာများတွင်လည်း အသီးအနှံများ လတ်ဆတ်နေဆဲ ဖြစ်ကြောင်းနှင့် ပို့ဆောင်နေစဉ်တွင်လည်း ပျက်စီးမှုမရှိပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ယင်းလမ်းကြောင်းကို အနာဂတ်တွင် ပိုမိုအသုံးပြုနိုင်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthaweethum က ပြောကြားပါသည်။

လာအိုနိုင်ငံ၊ ဗီယန်ကျင်းရှိ Thanaleng Dry Port မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့မှုအရ ယခုနှစ် ပထမ ၅ လအတွင်း အဆိုပါ ရထားလမ်းကြောင်းမှ ပို့ကုန်များကို ဘတ် ၂.၈၄ ဘီလီယံတန်ဖိုးထိ တင်ပို့ နိုင်ခဲ့ကြောင်း၊ ဒူးရင်းသီးများ၊ ခေါက်ဆွဲခြောက်များ၊ ကောက်ညှင်းမုန့်များ၊ ရာဘာ၊ ပလပ်စတစ်များ၊ လျှပ်စစ်ပစ္စည်းများ၊ သရက်သီးများ၊ နာနတ်သီးများ၊ လေချူသီးများ (Longans) နှင့် မင်းဂွတ်သီးများဖြစ်ကြောင်း Mrs. Auramon က ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် အာဆီယံ-တရုတ် FTA နှင့် ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (RCEP) မှ အကျိုးကျေးဇူးများစွာ ရရှိပါကြောင်း၊ တရုတ်သည် ထိုင်းအသီးအနှံ တင်သွင်းမှုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း အာဆီယံ-တရုတ် FTA အောက်မှ လတ်ဆတ်သော ဒူးရင်းသီးတင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၂.၀၂ ဘီလီယံ နှင့် RCEP အောက်မှ ဒူးရင်းသီးများ တင်ပို့ရာတွင် အမေရိကန်ဒေါ်လာ ၇.၅ သန်း ခံစားခွင့်ရရှိခဲ့ပါ ကြောင်း Mrs. Auramon က ဖြည့်စွက်ပြောကြားပါသည်။

တရုတ်-လာအိုရထားလမ်းကြောင်းမှ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ထိုင်းပစ္စည်းကုန်သေတ္တာ ၂,၁၂၆ လုံး၊ တရုတ်ပစ္စည်း ကုန်သေတ္တာ ၂,၀၇၂ လုံး ဖြတ်သန်းသွားပါကြောင်း၊ အများစုမှာ ဒူးရင်း သီးများ၊ လေချူသီးများ၊ အုန်းသီးများနှင့် ကျွဲကောသီးများဖြစ်ကြောင်း Thanaleng Dry Port ၏ မန်နေးဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Sakhone Philangam က ပြောကြားပါသည်။

လာအိုနိုင်ငံကို ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ အချိတ်အဆက်ရှိသော နိုင်ငံအဖြစ်သို့ရောက်ရှိရန် ရည်ရွယ်၍ Thanaleng Dry Port ကို Logistics လမ်းကြောင်းများနှင့် အဆောက်အဦများ ဖန်တီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

 

Source: www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand