Thailand

ထိုင်းနိုင်ငံ၌ ယခုနှစ်အတွင်း လေချူသီး (Longan) အထွက်နှုန်း လျော့နည်းနိုင်

Last Updated:

ထိုင်းနိုင်ငံ၏ မြောက်ပိုင်းပြည်နယ် ၈ ခုတွင် စိုက်ပျိုးလျက်ရှိသော လေချူသီး အထွက်နှုန်းသည် ယခုနှစ်အတွင်း ၄၀-၅၀ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း၊ ပြင်းထန်သော ပူပြင်းသည့် ရာသီဥတုအခြေအနေနှင့် လွန်ခဲ့သော ၂-၃ နှစ်ခန့်က ကပ်ရောဂါကာလအတွင်း သိသိသာသာ ဈေးနှုန်းကျဆင်းခဲ့ခြင်းတို့ကြောင့် စိုက်ပျိုးသူတောင်သူများက စိုက်ဧရိယာများကို လျော့နည်းစိုက်ပျိုးကြကြောင်း မြောက်ပိုင်းလေချူသီးခြောက်ထုတ်လုပ်သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူ Mr. Tanakrit Tunwattanagul က ပြောကြားပါသည်။

ထိုင်းနှင့် တရုတ်တို့တွင် ပစ္စည်းလက်ကျန်ပြတ်လပ်တော့မည်ဖြစ်သဖြင့် တောင်သူများထံမှ အသီးများဝယ်ယူ၍ အခြောက်ခံရန် စက်ရုံများအနေဖြင့် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ ယင်းအခြေအနေကြောင့် လေချူသီးဝယ်လိုအား မြင့်တက်လာပြီး ဈေးနှုန်းအရလည်း လေချူသီး လတ်လတ်ဆတ်ဆတ် ၁ ကီလိုဂရမ်လျှင် ဘတ် ၃၀-၃၅ အထိ ရရှိနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

တရုတ်နိုင်ငံ၏ အသွားအလာကန့်သတ်မှုအခြေအနေများနှင့် ၎င်း၏ နယ်စပ်ကုန်သွယ်‌ရေး ဂိတ်များကို ပိတ်ဆို့လိုက်ခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရန် အားလျော့ခဲ့ပါကြောင်း၊ လေချူသီးရာသီမှာ ဇူလိုင်လမှ စက်တင်ဘာလအထိဖြစ်ကြောင်း၊ အထွက်ဆုံးအချိန်သည် ဩဂုတ်လဖြစ်ကြောင်း၊ ယခုနှစ်တွင် စက်ရုံများသည် တောင်သူများထံမှ အပြိုင်အဆိုင်ဝယ်ယူရမည်ဖြစ်ကြောင်း၊ ခူးဆွတ်ချိန်နှောင့်နှေးမှု၊ မိုးခေါင်မှုနှင့် ဈေးနှုန်းကြောင့် စိုက်ဧရိယာများလျှော့ချထားခြင်းကြောင့် ဖြစ်ကြောင်း၊ တောင်သူများသည် လေချူသီးအစား ဒူးရင်းသီးနှင့် ထောပတ်သီးများကို အစားထိုး စိုက်ပျိုး ကြပါကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

တစ်နိုင်ငံလုံးတွင် လေချူသီးစိုက်ဧရိယာ ၁.၇ သန်းရိုင်အနက် ပြည်နယ် (၈) ခုမှ ၁.၂ သန်း ရိုင်ဖြစ်ကြောင်း၊ ရာသီချိန်နှင့် ရာသီချိန်ပြည်ပ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် တန် ၁.၅၅ သန်း ထွက်ရှိရာ ပြည်နယ် (၈) ခုမှ တန် ၁.၀၃ သန်းဖြစ်ကြောင်း သိရှိရပါသည်။

ဦးစီးဌာနအနေဖြင့် လေချူသီး စိုက်ပျိုးထုတ်လုပ်မှုအခြေအနေနှင့်စပ်လျဉ်းသည့် အစီအမံများ လျာထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တောင်သူများထံမှ အသီး ၁၄၅,၀၀၀ တန် ဝယ်ယူရေး အတွက်  လုပ်ငန်းရှင်များနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်း စူပါမားကတ် ၆၀၀ တွင်လည်း ရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အသီးခြောက် ထုတ်လုပ်သည့်စက်ရုံများ၊ စက်သုံးဆီအရောင်းဆိုင်များနှင့်လည်း တောင်သူများထံမှ လေချူသီးများ ဝယ်ယူရေးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Goranij Nonejuie က ပြောကြားပါသည်။

 

 

 

Source: www.bangkok post. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand