ဈေးကွက်ရရှိရေးအတွက် တရုတ်ပြည်တွင်းထုတ် ဈေးနှုန်းထက် လျှော့ချပြီး မမျှတသော ဈေးနှုန်းများဖြင့် သံမဏိများအား ဂျပန်နိုင်ငံသို့ တင်ပို့လာမှုကို တားဆီးနိုင်ရေးအပါအဝင် ဂျပန်နိုင်ငံအနေဖြင့် တတိယနိုင်ငံများမှ ဝင်ရောက်လာသည့် ကုန်စည်များအပေါ်တွင်ပါ ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန် ကောက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၆-၁၀-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် ဖော်ပြခဲ့ပါသည်။
အဆိုပါ သတင်း၌ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိတွင် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်ကို သတ်မှတ်ထားသည့် မူလနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များအပေါ်တွင်သာ ကောက်ခံလျက်ရှိကြောင်း၊ အဆိုပါ သတ်မှတ်နိုင်ငံများမှအပ အခြားသောနိုင်ငံများမှ တင်သွင်းလာမှုအပေါ် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန် ကောက်ခံခြင်း မရှိကြောင်း၊ ထို့ကြောင့် ဂျပန်နိုင်ငံအနေဖြင့် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန် ကောက်ခံနိုင်ရေးအတွက် နိုင်ငံအတွင်း တင်သွင်းလာသည့် ကုန်စည်များ၏ လမ်းကြောင်းများကို တင်းကြပ်စွာ စိစစ်ခြင်းနှင့် သံသယရှိသည့် ကုန်စည်များကို စိစစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ အကောက်ခွန်ကောင်စီအနေဖြင့် တတိယနိုင်ငံများမှဝင်ရောက်လာသည့် ကုန်စည်များအပေါ်တွင်ပါ ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်ကောက်ခံနိုင်ရေးအတွက် အသေးစိတ် လုပ်ငန်းစဉ်များကို ဆွေးနွေးသွားမည်ဖြစ်ပြီး၊ လိုအပ်သည့် ဥပဒေများကို ၂၀၂၅ ခုနှစ်အတွင်း ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် မျှတသော ဈေးနှုန်းထက် လျှော့ချ၍ တင်သွင်းလာသည့် ပြည်ပနိုင်ငံများမှ ကုန်စည်များကြောင့် ပြည်တွင်းဈေးကွက်ထိခိုက်မှုများ ဖြစ်ပေါ်လာမှုကို တားဆီးကာကွယ်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများကို ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန် ကောက်ခံခွင့်ပြုထားကြောင်း၊ ပို့ကုန်ပစ္စည်းများ ဈေးလျှော့ ရောင်းချမှု တိုက်ဖျက်ရေးအခွန်ကို ရှောင်ရှားနိုင်ရေး ဆောင်ရွက်မှုများကို တိုက်ဖျက်နိုင်ရေးအတွက် G-20 အဖွဲ့ဝင်နိုင်ငံအများစုအနေဖြင့် အစီအမံများ ချမှတ်ထားပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ Solar Cells and Modules များကို အမေရိကန်သို့ တင်ပို့ရာတွင် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်နှင့် အခြားသော အခွန်အခများပေးဆောင်ရမှုကို ရှောင်ရှားနိုင်ရေးအတွက် အရှေ့တောင်အာရှဒေသရှိ နိုင်ငံ ၄ နိုင်ငံမှတစ်ဆင့် တင်ပို့လာခဲ့သည် ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် စိစစ်တွေ့ရှိခဲ့ရကြောင်း၊ တရုတ်နိုင်ငံမှ သံမဏိနှင့် အခြားသော ဓာတုပစ္စည်းများအား ပိုမိုတိုးမြှင့်တင်သွင်းလာမည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ဖွံ့ဖြိုးဆဲမှ ဖွံ့ဖြိုးပြီးနိုင်ငံများအဖြစ် ပြောင်းလဲလာသည့် နိုင်ငံများအနေဖြင့် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ ရောင်းချမှု တိုက်ဖျက်ရေးအခွန်ဆိုင်ရာ စုံစမ်းစိစစ်မှုများကို ဆောင်ရွက်လျက်ရှိကြကြောင်း၊ ဘရာဇီး၊ တာကီယဲနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်ဆိုင်ရာ စုံစမ်းစိစစ်မှုများကို ၂၀၂၄ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
လက်ရှိတွင် ဂျပန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ဘက်ထရီထုတ်လုပ်ရာတွင် အသုံးပြုသည့် Electrolytic Manganese Dioxide အပါအဝင် ကုန်စည် ၆ မျိုးအပေါ်တွင်သာ ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန် ကောက်ခံလျက်ရှိကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် တင်းကြပ်စွာ စိစစ်ဆောင်ရွက်ခြင်း မရှိပါက တတိယနိုင်ငံများမှတစ်ဆင့် အခွန်ရှောင်ရှားကာ ကုန်စည်များ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်ကြောင်း၊ ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်ကောက်ခံခြင်းဖြင့် အခွန်ပေးဆောင်ရသည့် ကုန်စည်အသုံးပြု၍ ထုတ်လုပ်သည့် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာနိုင်သော်လည်း ဂျပန်အစိုးရအနေဖြင့် ပို့ကုန်ပစ္စည်းများ ဈေးလျှော့ရောင်းချမှု တိုက်ဖျက်ရေးအခွန်ကို လျင်မြန်စွာ ချဲ့ထွင် ကောက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
( စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)