Singapore

စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိ

Last Updated:

Singapore Supply Chain Connect 2024 ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ စင်ကာပူမြို့တွင် ပြုလုပ်လျက်ရှိပါသည်။ ကမ္ဘာ့ထောက်ပံ့မှု ကွင်းဆက်တွင် ဖြစ်ပေါ်ပြောင်းလဲနေမှုများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းကြီးများက အာရှဒေသတွင် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းပုံစံများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး အလေ့အကျင့်ကောင်းများနှင့် ဆောင်ရွက်နေမှုများကို ဝေမျှသွားမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံအစိုးရသည် စင်ကာပူနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍကို ကမ္ဘာ့အဆင့်မီ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်စေရန် အလေးပေးဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီများကို စင်ကာပူနိုင်ငံတွင် ထောက်ပံ့မှုကွင်းဆက် စီမံခန့်ခွဲမှုဌာနများ (Supply Chain Management Hubs–SCM Hubs) ထူထောင်ရန်အတွက် အကူအညီပေးလျက်ရှိပါသည်။ ကုမ္ပဏီများသည် အရှေ့တောင်အာရှတွင် ထောက်ပံ့မှုကွင်းဆက်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လျက်ရှိရာတွင် ကုန်ထုတ်လုပ်မှု လုပ်ငန်းရှင်များနှင့် ကုန်စည်များကို ရေကြောင်း၊ လေကြောင်းဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်သူများက SCM Hub များကို စင်ကာပူနိုင်ငံ၌ တည်ထောင်ရန် စိတ်ဝင်စားလျက်ရှိပါသည်။ ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများဖြစ်သည့် Applied Materials၊ Asahi၊ Becton Dickinson၊ Henkel၊ Schneider Electric စသည့်ကုမ္ပဏီများသည် စင်ကာပူနိုင်ငံတွင် SCM Hub များကို တည်ထောင်လျက်ရှိပါသည်။

ကမ္ဘာ့နာမည်ကြီးကုမ္ပဏီများအနေဖြင့် SCM Hub များချဲ့ထွင်ခြင်း၊ အသစ်တည်ထောင် ခြင်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လုပ်သားများရရှိစေရေး ရည်ရွယ်၍ ထောက်ပံ့မှုကွင်းဆက်ကဏ္ဍတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာစေရေး ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်အကြားတွင် ထောက်ပံ့မှုကွင်းဆက်စီမံခန့်ခွဲမှု အလုပ်အကိုင် အသစ်ပေါင်း ၇၀၀ ခန့် ဖန်တီးနိုင်မည်ဟု မျှော်မှန်းထားပါသည်။

၂၀၃၀ ပြည့်နှစ်အလွန်တွင် ဒုတိယ Airport Logistics Park Singapore (ALPS2) ကို ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ခြင်းဖြင့် စင်ကာပူနိုင်ငံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ဆောင်ရွက်နိုင်မှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး ချန်ဂီလေဆိပ်ကို ဒေသတွင်းလေကြောင်း ကုန်စည်ပို့ဆောင်ရေးဗဟိုဌာနဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ALPS2 သည် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများနှင့် ဒေသတွင်းကုန်စည်ဖြန့်ဖြူးရေးစင်တာများအပါအဝင် ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီများ၊ လုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံသည် ALPS2 ကို လွတ်လပ်သောကုန်သွယ်မှုဇုန် (Free Trade Zone) အဖြစ် ဆောင်ရွက်ရန် စီစဉ်ထားပါသည်။ ဆောင်ရွက်ရန်ရှိသည့် Changi East Industrial Zone နှင့် ALPS2 အပြင် လက်ရှိ ALPS နှင့် Changi Airfreight Centre တို့သည် ဒေသတွင်း၌ လေကြောင်းကုန်စည် သယ်ယူပို့ဆောင်ရေးဗဟိုဌာနနှင့် အဆင့်မြင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုပေးသည့် နိုင်ငံအဖြစ် စင်ကာပူနိုင်ငံ၏ အနေအထားကို ခိုင်မာအားကောင်းစေမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် အပြည်ပြည်ဆိုင်ရာရေကြောင်းဗဟိုဌာနဖြစ်စေရေးအတွက် ဆိပ်ကမ်းသို့ ဝင်ထွက်သည့် ရေယာဉ်များ၏ ကုန်စည်တင်/ချမှုများ၊ ဆိပ်ကမ်းလုပ်ငန်းစဉ်များ၏ ကြာချိန်ကို လျှော့ချရန် ဆိပ်ကမ်းဝန်ဆောင်မှုစွမ်းရည်ကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၄၀ ပြည့်နှစ်တွင် အပြည့်အဝလုပ်ငန်းလည်ပတ်နိုင်ပါက Tuas Port သည် နှစ်စဉ် TEUs ၆၅ သန်းကို ဆောင်ရွက်ပေးနိုင်သည့်၊ ကမ္ဘာ့အကြီးဆုံး ကုန်သေတ္တာတင် သင်္ဘောများနှင့် ရှုပ်ထွေးသည့် ဆိပ်ကမ်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးနိုင်သည့် ကမ္ဘာ့အကြီးဆုံး အလိုအလျောက် ဝန်ဆောင်မှု ပေးသည့် ဆိပ်ကမ်းဖြစ်လာမည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍမှ နှစ်စဉ် စင်ကာပူဒေါ်လာ ၆.၉ ဘီလီယံနှင့် အလုပ်အကိုင်အသစ်ပေါင်း ၂၀၀၀ ခု ဖန်တီးနိုင်ရန် မျှော်မှန်းထားပါသည်။

 

 

ရင်းမြစ်။        Singapore Economic Development Board

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore