Japan

ဂျပန်နိုင်ငံနှင့်ဗြိတိန်နိုင်ငံအကြား နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်နိုင်ရေး ဆောင်ရွက်သွားမည်

Last Updated:

အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံထားရသော ဒေါ်နယ်ထရန့်အနေဖြင့် အကောက်ခွန် တိုးမြှင့်ကောက်ခံနိုင်ခြင်းကြောင့် ဂျပန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးများနှင့် ကုန်သွယ်ရေးဝန်ကြီးများအကြား စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ ပုံမှန်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၁၃-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan, U.K. to hold economic 2-plus-2 talks eyeing Trump transition” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် ၁၈-၁၁-၂၀၂၄ ရက်နေ့၌ ဘရာဇီးနိုင်ငံတွင်ကျင်းပမည့် G-20 ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှီဂဲရုအီရှိဘာနှင့် ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ တွေ့ဆုံ၍ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေး စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရခြင်းမှာ အမေရိကန်သမ္မတအဖြစ် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်တာဝန်ထမ်းဆောင်မည့် ဒေါ်နယ်ထရန့်အနေဖြင့် ရွေးကောက်ပွဲတွင် မဲဆွယ်စည်းရုံးစဉ်က တရုတ်နိုင်ငံမှ တင်သွင်းလာမည့် ကုန်စည်များအပေါ် ၆၀ ရာခိုင်နှုန်းအကောက်ခွန်တိုးမြှင့် ကောက်ခံနိုင်ရေးနှင့် ဂျပန်နှင့် ဗြိတိန်အပါအဝင် အခြားသော နိုင်ငံများမှ တင်သွင်းလာမည့် ကုန်စည်များအားလုံးအပေါ် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အကောက်ခွန်တိုးမြှင့်ကောက်ခံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည့်အတွက် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်-ဗြိတိန် နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ လွတ်လပ်စွာကုန်သွယ်နိုင်ရေးအပါအဝင် နိုင်ငံတကာစီးပွားရေးစနစ်ကိုထိန်းသိမ်းနိုင်ရေးအတွက်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင်  ကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထို့ပြင် စက်မှုမူဝါဒများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ ဉာဏ်ရည်တုနှင့် Quantum Technology အပါအဝင် အဆင့်မြင့် နည်းပညာများတွင် ပူးပေါင်းဆောင်ရွက် နိုင်ရေးနှင့် အရေးပါသည့် ကုန်စည်များတွင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ခိုင်မာအားကောင်း စေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် အာဖရိကတွင် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးနှင့် ကာဗွန်ကင်းစင်စေရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဂျပန်-ဗြိတိန် နှစ်နိုင်ငံဆွေးနွေးမှုများပြုလုပ်ရာတွင် အမေရိကန်မှ အကောက်ခွန်တိုးမြှင့်ကောက်ခံလာခြင်း မရှိစေရေးအတွက် အမေရိကန်နှင့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရေးအတွက်လည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ အကယ်၍ အမေရိကန်မှ အကောက်ခွန်တိုးမြှင့် ကောက်ခံလာမည် ဆိုပါကလည်း နှစ်နိုင်ငံပူးပေါင်း၍ ပြန်လည်တုံ့ပြန်မည့် အစီအစဉ်များ ချမှတ်သွားနိုင်ရေးလည်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်တွင် ဂျပန်နိုင်ငံ၏ ပို့ကုန်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းနှင့် ဗြိတိန်နိုင်ငံ၏ ပို့ကုန် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းကို အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် ဗြိတိန် နိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင်အဖြစ်မှ ထွက်ခွာခဲ့ပြီးနောက် ဂျပန်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မှု များ မြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်နယ်ထရန့်၏ ယခင်သမ္မတသက်တမ်း ကာလအတွင်း၌ ဗြိတိန်နိုင်ငံအဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သည့် အီးယူအနေဖြင့် အမေရိကန်မှ အီးယူထုတ်ကုန်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်မှ အီးယူသို့ တင်သွင်းလာသည့် သံမဏိနှင့်မော်တော်ဆိုင်ကယ်များအပေါ် တန်ပြန်အကောက်ခွန် ကောက်ခံခဲ့ကြောင်း ဖော်ပြထားပါသည်။ 

ဗြိတိန်နိုင်ငံအနေဖြင့် အီးယူအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ပြီး နောက်ပိုင်းတွင် အင်ဒို-ပစိဖိတ်ဒေသရှိ နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အထူး သဖြင့် ဂျပန်၊ ဩစတြေးလျနှင့် မလေးရှားနိုင်ငံအပါအဝင် အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်သည့် The Comprehensive and Progressive Agreement for Trans-Pacific Partnership (CPTPP) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် လက်မှတ် ရေးထိုးခဲ့ကြောင်း ဖော်ပြထားပါသည်။  

လွတ်လပ်သော ကုန်သွယ်မှုများမြှင့်တင်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံသည် ဂျပန်နိုင်ငံ အတွက် အရေးပါသည့် မိတ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ဂျပန်နှင့်ဗြိတိန်အနေဖြင့်လည်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ်တွင် အမေရိကန်နှင့် နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးမှုများ (Two-Plus-Two Dialogue) စတင်ခဲ့ကြောင်းနှင့် ဗြိတိန် နိုင်ငံသည် Two-Plus-Two Dialogue ပြုလုပ်မည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးသို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Takeshi Iwaya ၊ ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Yoji Muto၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy နှင့် ဗြိတိန်စီးပွားရေးနှင့်ကုန်သွယ်ရေးဝန်ကြီး Jonathan Reynolds တို့ တက်ရောက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia   

Category: Japan