Japan

ဂျပန်နိုင်ငံအနေဖြင့် ပိုလန်နိုင်ငံတွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ပံ့ပိုးပေးသွားမည်

Last Updated:

ဂျပန်နိုင်ငံအနေဖြင့် ကျောက်မီးသွေး အသုံးပြုမှုကိုလျှော့ချရန် ဆောင်ရွက်လျက်ရှိသည့် ပိုလန်နိုင်ငံတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်ရေး ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၇-၁၁-၂၀၂၄ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan to support nuclear power plant construction in Poland” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

 အဆိုပါ သတင်းတွင် ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနနှင့် ပိုလန်နိုင်ငံ စက်မှုဝန်ကြီးဌာနတို့အနေဖြင့် ၇-၁၁-၂၀၂၄ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာတွင် ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်တည်ဆောက်ခြင်း၊ ဂျပန်ကုမ္ပဏီများ၏ ဘေးကင်းလုံခြုံမှုဆိုင်ရာ နည်းပညာများအား မျှဝေပေးခြင်း၊ အထူးကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများပို့ချပေးခြင်းနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ ပါဝင်သည့် စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲနိုင်ရေးကိစ္စများကို ထည့်သွင်းချုပ်ဆိုသွားမည် ဖြစ် ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် Small Modular Reactors ကဲ့သို့သော အဆင့်မြင့် နည်းပညာများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပိုလန်နိုင်ငံအနေဖြင့် လက်ရှိတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်း ကို ကျောက်မီးသွေးအသုံးပြု၍ ထုတ်လုပ်လျက်ရှိကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ ဖြစ်ပွားပြီးနောက် ရေနံနှင့်သဘာဝဓာတ်ငွေ့တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည့် အချိန်မှစ၍ ကျောက်မီးသွေး အသုံးပြုမှုများပြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ပိုလန်နိုင်ငံအနေဖြင့် နိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသည့် စွမ်းအင်များကို ဖြန့်ကျက်နိုင်ရေးအတွက် ၂၀၃၀ ပြည့်နှစ်ဝန်းကျင်တွင် နိုင်ငံ၏ ပထမဆုံးသော နျူကလီးယားဓာတ်အားပေးစက်ရုံကို တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကိုလည်း တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ပိုလန်တွင် တည်ဆောက်သွားမည့် နျူကလီးယားဓာတ်အားပေး စက်ရုံ၌ ဂျပန်ကုမ္ပဏီများဖြစ်သည့် Hitachi နှင့် General Electric တို့ ပူးပေါင်းဖန်တီးထားသည့် အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုများ (Small Modular Reactors) ကို အသုံးပြုသွားရန်လည်း တိုက်တွန်းသွားမည်ဖြစ်ကြောင်း၊ အဆိုပါ နျူကလီးယားဓာတ်ပေါင်းဖိုများသည် လျှပ်စစ်ဓာတ်အား ၃၀၀ မဂ္ဂါဝပ်နှင့်အောက်ထွက်ရှိသည့် ပုံမှန်နျူကလီးယား ဓာတ်ပေါင်းဖို များနှင့်နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာကြောင်း ဖော်ပြထားပါသည်။

Amazon၊ Google နှင့် Microsoft တို့အနေဖြင့်လည်း Generative Artificial Intelligence Systems အတွက် အသုံးပြုသည့် Data Centers အတွက် စွမ်းအင်ပိုမိုလိုအပ်လာမည် ဖြစ်သည့်အတွက် အသေးစားနျူကလီးယား ဓာတ်ပေါင်းဖိုများ (Small Modular Reactors) တွင် ရင်းနှီး မြှုပ်နှံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ကြောင်း၊ ပိုလန်နိုင်ငံအနေဖြင့် ဟီလီယံဓာတ်ငွေ့ အသုံးပြုမည့် High-temperature gas-cooled reactor ကို သုံးစွဲ၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နျူကလီးယားဓာတ်ပေါင်းဖိုမှ ထွက်ရှိသည့် အပူကို ဟိုက်ဒရိုဂျင်ထုတ်လုပ်နိုင်ရေးအပါအဝင် အခြားသော နေရာများ၌ သုံးစွဲနိုင်ရေး ဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ပိုလန်နိုင်ငံအား Japan Atomic Energy Agency ၏ နည်းပညာများကို ပံ့ပိုးပေးသွားမည် ဖြစ်ပြီး၊ လက်တွေ့အသုံးပြုနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပိုလန်နိုင်ငံအနေဖြင့် လက်ရှိလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု၏ ၂၃ ရာခိုင်နှုန်းနှင့်ညီမျှသော ဓာတ်အားပမာဏဖြစ်သည့် ၆ ဂီဂ္ဂါဝပ်မှ ၉ ဂီဂ္ဂါဝပ်အထိကို ၂၀၄၃ ခုနှစ်တွင် ထုတ်လုပ်နိုင်ရေးအတွက် Light-water Reactors ၆ လုံးကို တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ နျူကလီးယားဓာတ်ပေါင်းဖို ၆ လုံးအနက် ၃ လုံးကို တည်ဆောက်နိုင်ရေးအတွက်လည်း အမေရိကန် နျူကလီးယားစွမ်းအင်ကုမ္ပဏီ Westinghouse Electric ထံမှ ဓာတ်ပေါင်းဖို ၃ လုံး မှာယူထားပြီးဖြစ်ကြောင်း၊ အဆိုပါ Westinghouse Electric ထံမှ ဝယ်ယူထားသည့် ဓာတ်ပေါင်းဖိုများတွင်လည်း Toshiba မှ Steam Turbines နှင့် IHI မှ Containment Vessels များအပါအဝင် ဂျပန်နည်းပညာများ သုံးစွဲနိုင်ရေး ဂျပန်နိုင်ငံအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းအတွက် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး အတွက်လည်း Japan Bank for International Cooperation မှ ကမ်းလှမ်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 (စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: Japan