USA

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက နေ့စဉ်သုံးကုန်ပစ္စည်း များ ဈေးနှုန်းမြင့်လာနိုင်ခြင်း

Last Updated:

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် ၎င်း၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲများတွင် ကတိပြုခဲ့သည့်အတိုင်း သွင်းကုန်အားလုံးအပေါ် အကောက်ခွန်နှုန်းကို တိုးမြှင့်ကောက်ခံမည်ဆိုပါက နေ့စဉ်သုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းလျက်ရှိကြပါသည်။

အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံခြင်းသည် ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်မည်သကဲ့သို့ ကုန်သွယ်ရေးစစ်ပွဲဖြစ်လာနိုင်ခြေလည်းရှိကြောင်း၊ ထိုသို့ဖြစ်လာနိုင်ခြေရှိသည့်အခြေအနေများမှာ ယခင်ရက်သတ္တပတ်အတွင်း ဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများဖြစ်သည့် ကနေဒါ၊ မက္ကဆီကိုနှင့် တရုတ်တို့ကို အကောက်ခွန်နှုန်းအသစ်ကောက်ခံမည်ဟု ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခြင်းကြောင့်ဖြစ်ပြီး ဒေါ်နယ်ထရမ့်က ၎င်းသမ္မတရာထူးယူသည့် ပထမဆုံးနေ့တွင် ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့မှ တင်သွင်းသည့် ကုန်စည်များအားလုံးကို အကောက်ခွန် (၂၅)ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံရန် အမိန့်ထုတ်ပြန်ရေး လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်စည်များကို သတ်မှတ်ကောက်ခံသည့် အကောက်ခွန်နှုန်း (၁၀)ရာခိုင်နှုန်း ထပ်တိုးကောက်ခံမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဒေါ်နယ်ထရမ့်သည် ၎င်း၏ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုများတွင် သွင်းကုန်အားလုံးကို အကောက်ခွန်နှုန်း (၁၀)မှ (၂၀) ရာခိုင်နှုန်းအထိလည်းကောင်း၊ တရုတ်သွင်းကုန်အားလုံးကို အကောက်ခွန် (၆၀) ရာခိုင်နှုန်းအထိလည်းကောင်း ကောက်ခံသွားမည်ဟု အဆိုပြုထားရာ လက်ရှိတွင် တရုတ်နိုင်ငံ၏သွင်းကုန်များအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းသည် အဆိုပြုနှုန်းထက်နည်းသဖြင့် နောက်ပိုင်းတွင် အကောက်ခွန်နှုန်းတိုးမြှင့်ရန် ထုတ်ပြန်လာနိုင်ကြောင်း၊ မြောက်အမေရိကန်နိုင်ငံများ၏ ဈေးကွက်မှာ တစ်ခုနှင့်တစ်ခုပေါင်းစည်းလျက်ရှိရာ အကယ်၍ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက ‘ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်အပေါ် ကြီးမားသည့် ပြတ်တောက်မှုများ’ ဖြစ်ပေါ်လာနိုင်ကြောင်း၊ အကောက်ခွန်နှုန်းတစ်ပြေးညီကောက်ခံခြင်းသည် ငွေကြေးဖောင်းပွမှု ကို ဖြစ်စေပြီး အမေရိကန်မိသားစုများနှင့် အလုပ်သမားများကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ လက်လီ ရောင်းချသည့် အမေရိကန်ကုမ္ပဏီများဖြစ်သော Walmart နှင့် Lowe တို့ကလည်း အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည်ဆိုပါက ၎င်းတို့ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့်ရောင်းချရနိုင်သည်ဟု ပြောကြားခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် မက္ကဆီကိုနိုင်ငံမှသွင်းကုန် တန်ဖိုးသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ အမေရိကန်ဒေါ်လာ (၄၀၀) ဘီလီယံ ခန့်ရှိကြောင်း၊ မက္ကဆီကိုနိုင်ငံမှ အဓိက သွင်းကုန်များမှာ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများ၊ ကွန်ပျူတာဆက်စပ်ပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများဖြစ်ကြောင်း၊ ထို့အပြင် မက္ကဆီကိုနိုင်ငံမှ အရက်နှင့် ပရိဘောဂသွင်းကုန်တန်ဖိုးမှာလည်း များပြားကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံသို့ ကနေဒါနိုင်ငံမှ သွင်းကုန်များမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ (၄၀၀) ဘီလီယံကျော်ရှိသည်ဟု အစိုးရဌာနအချက်အလက်များအရသိရှိပြီး ကနေဒါနိုင်ငံမှ အဓိကသွင်းကုန်များမှာ ရေနံစိမ်းနှင့် ဓာတ်ငွေ့နှင့်ကျောက်မီးသွေးအပါအဝင်စွမ်းအင်ကဏ္ဍသုံး အခြားပစ္စည်းများဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် ဆယ်စုနှစ်အတွင်း ကနေဒါရေနံစိမ်းတင်သွင်းမှုများ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံပို့ကုန်အားလုံး၏ (၁၅)ရာခိုင်နှုန်းကို တင်သွင်းသည့်နိုင်ငံဖြစ်ပြီး အဓိကတင်သွင်းသည့်ကုန်ပစ္စည်းများမှာ ကွန်ပျူတာနှင့် စမတ်ဖုန်းများအပါအဝင် လျှပ်စစ်ပစ္စည်းများ၊ စက်ပစ္စည်းကိရိယာများ၊ ကလေးကစားစရာများ၊ အားကစား ပစ္စည်းများ၊ ပရိဘောဂ၊ ဖိနပ်အမျိုးမျိုး၊ အဝတ်အထည်နှင့် အထည်အလိပ်အမျိုးမျိုးကို တင်သွင်း ကြောင်းလည်း သိရှိရပါသည်။

အကယ်၍ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်ကသာ ၎င်းအဆိုပြုထားသည့် အကောက်ခွန်နှုန်းထားသစ်အစီအစဉ်ကိုအကောင်အထည်ဖော်ပါက စားသုံးသူများအတွက် နေ့စဉ်သုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းမြင့်တက်လာမည်ဖြစ်ပါသည်။ ထို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းသုံးသစ်များဖြစ်သည့် ပုံကြမ်းတည်ဆောက်ခြင်း၊ ကြမ်းခင်းများခင်းခြင်းနှင့် ဗီရိုနှင့်ပရိဘောဂများအပါအဝင် အိမ်တွင်းအလှဆင်ရာတွင် အသုံးပြုသည့်သစ်များကို ကနေဒါနိုင်ငံမှ ဒေါ်လာဘီလီယံပေါင်းများစွာ ဝယ်ယူလျက်ရှိရာ  အိမ်ဆောက်လုပ်သည့် စရိတ်စခလည်းမြင့်တက်လာမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသည် တရုတ်နိုင်ငံမှ သွင်းကုန်များအစား အခြားနိုင်ငံများမှ ပြောင်းလဲတင်သွင်းလျက်ရှိသော်လည်း အထူးသဖြင့် စမတ်ဖုန်း အများအပြားကို တရုတ်နိုင်ငံမှသာ တင်သွင်းလျက်ရှိကြောင်း၊ မက္ကဆီကိုနိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်နှင့် လျှပ်စစ်ပစ္စည်းများအပြင် နေ့စဉ်သုံး စားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဘီယာ၊ သစ်သီးဖျော်ရည်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များစွာကို အဓိကတင်သွင်းလျက်ရှိပါကြောင်း သိရှိရပါသည်။

၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ သွင်းကုန်များကိုအကောက်ခွန်ကောက်ခံမည့်ဥပဒေကို လက်မှတ်ရေးထိုးပြီးနောက် အကောက်ခွန်နှုန်းများ မြင့်တက်ခဲ့သော်လည်း အမေရိကန်နိုင်ငံသားများ၏ နိုင်ငံခြားကုန်ပစ္စည်းဝယ်လိုအား ကျဆင်းသွားခြင်းမရှိသကဲ့သို့ နိုင်ငံခြားကုန်ပစ္စည်းများ အမေရိကန်နိုင်ငံသို့ နည်းလမ်းများစွာဖြင့် ဝင်ရောက်လာခဲ့ကြကြောင်း၊ အမေရိကန်နိုင်ငံ၏စုစုပေါင်းသွင်းကုန်တန်ဖိုးသည် ၂၀၁၇ ခုနှစ်တွင် (၂.၃)ထရီလီယံရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် (၃.၁)ထရီလီယံသို့ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံမှ အဓိကတင်သွင်းသည့်ပစ္စည်းများမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ (Semiconductors)၊ သားရေအိတ် များနှင့် ခရီးဆောင်ကွန်ပျူတာများဖြစ်ပြီး ယင်းပစ္စည်းများ၏သွင်းကုန်သည် တရုတ်နိုင်ငံမှ စုစုပေါင်းသွင်းကုန်၏ (၃၀)ရာခိုင်နှုန်းခန့်ရှိကြောင်း၊ တရုတ်ကုမ္ပဏီကြီးများသည် ယခင်နှစ်မှစ၍ မက္ကဆီကို၊ ဗီယက်နမ်၊ မလေးရှားနိုင်ငံ နှင့် ထိုင်ဝမ်သို့ ကုန်ထုတ်လုပ်မှုကို ရွှေ့ပြောင်းထုတ်လုပ်ခဲ့ကြကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံထုတ်သွင်းကုန်များသည် စုစုပေါင်းသွင်းကုန် အားလုံး၏ (၁၄)ရာခိုင်နှုန်းသာရှိခဲ့ရာ နှစ်ပေါင်း(၂၀)အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့တင်သွင်းခဲ့သည့် စမတ်ဖုန်းများမှာ အိန္ဒိယ၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့မှဖြစ်ပြီး လွန်ခဲ့သော (၆)နှစ်အတွင်း (၄၂) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ ခရီးဆောင် ကွန်ပျူတာနှင့် Tablet ၊ ဗွီဒီယိုဂိမ်းများတွင်အသုံးပြုသည့် Memory Chips များသည်လည်း ဗီယက်နမ်နှင့် ထိုင်ဝမ်တို့မှ တင်သွင်းမှုမြင့်တက်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် မီးဖိုချောင်သုံးဗီရိုတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၃)ဘီလီယံရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းပစ္စည်းများကို ဗီယက်နမ်နိုင်ငံမှ တင်သွင်းမှုများလာခဲ့ကြောင်း၊ ကလေးကစားစရာပစ္စည်းများ၊ အားကစားသုံးပစ္စည်းကိရိယာများနှင့် Videogames Consoles များကို တရုတ်နိုင်ငံမှ တင်သွင်းမှုများပြားပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၃၂) ဘီလီယံရှိပြီး ၂၀၁၇ ခုနှစ်ထက် (၂၄) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အလားတူပင် Lithium-ion batteries တင်သွင်းမှုသည် ၂၀၁၇ ခုနှစ်မှ စ၍ မြင့်တက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း Lithium-ion batteries နှင့် Videogames Consoles သွင်းကုန် (၇၀) ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ကြောင်း သိရှိရပါသည်။

ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်သည် ၎င်း၏လိုလားချက်များကိုရရှိရန်အတွက် အကောက်ခွန်နှုန်းတိုးမြှင့်သတ်မှတ်ကောက်ခံခြင်းဖြင့် အကျပ်ကိုင်နည်းလမ်းတစ်ရပ်အဖြစ် အသုံးပြုလျက် ၎င်း၏ ကုန်သွယ်ဖက်နိုင်ငံများအပေါ် အသာစီးရရှိရန် ညှိနှိုင်းခြင်းကို သမ္မတရာထူးတာဝန်လွှဲပြောင်းမယူမီ အချိန်ကပင်ပြုလုပ်လျက်ရှိပြီး ၎င်း၏နည်းလမ်းကို မလိုက်နာပါက ဒဏ်ပေးသည့်နည်းလမ်းဖြင့် လုပ်ဆောင်လာနိုင်ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ။

Category: USA