ဂျပန်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ကူညီထောက်ပံ့နိုင်ရန်အတွက် ဂျပန်အစိုးရပိုင်ဘဏ္ဍာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် ဂျပန်ဘဏ္ဍာရေး ကော်ပိုရေးရှင်း (Japan Finance Corporation-JFC) နှင့် စင်ကာပူ DBS ဘဏ်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း DBS ဘဏ်က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါပူးပေါင်းဆောင်ရွက်မှုအရ အာရှဒေသရှိ အဓိကဈေးကွက်များဖြစ်သည့် တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ထိုင်ဝမ်စသည့် ဈေးကွက်များသို့ အသေးစား နှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဈေးကွက်ချဲ့ထွင်နိုင်ရေး ဘဏ္ဍာရေးဆိုင်ရာအကူအညီများကို DBS ဘဏ်က ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။ အာရှမြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့တောင်အာရှတို့ရှိ DBS ဘဏ်များတွင် ဘဏ်ဝန်ဆောင်မှုနှင့် ကူညီထောက်ပံ့မှုများကို ရယူနိုင်မည်ဖြစ်ပါသည်။ DBS ဘဏ်၏ တီထွင်ဆန်းသစ်မှုရှိသည့် ဘဏ္ဍာရေးဆိုင်ရာ ဖြေရှင်းချက်များ၊ ဒီဂျစ်တယ်ဖြင့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုများ၊ ဘဏ္ဍာရေးကုန်သွယ်မှု၊ ဥပဒေ၊ လူ့စွမ်းအားအရင်းအမြစ်စသည့် ပညာရပ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ပါသည်။
JFC အနေဖြင့် ဘဏ်က ဝယ်သူကိုယ်စား အာမခံသည့် ငွေလွှဲစာတမ်း (Standby letter of credit) ဖြင့် ဂျပန်အသေးစားနှင့် အလတ်စားလုပ်ငန်းများ၏ ပြည်တွင်းလုပ်ငန်းခွဲများကို ပြည်တွင်းသုံးငွေကြေးဖြင့် ထောက်ပံ့နိုင်မည်ဖြစ်ပါသည်။ JFC ၏ Standby letter of credit သည် DBS ဘဏ်မှတစ်ဆင့် ငွေကြေးရန်ပုံငွေများရယူရာတွင် အာမခံတစ်ခုအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ DBS ဘဏ်နှင့် JFC တို့ပူးပေါင်းဆောင်ရွက်မှုသည် ဂျပန်နိုင်ငံနှင့် အာရှဒေသရှိ နိုင်ငံများအကြား စီးပွားရေးအရ ချိတ်ဆက်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ပြီး ဂျပန်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒေသတွင်း၌ ပိုမိုဝင်ရောက်လုပ်ကိုင် လာနိုင်စေမည်ဖြစ်ပါသည်။
“DBS ဘဏ်အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ဂုဏ်ယူကြောင်း၊ JETRO ၏ ဆန်းစစ် လေ့လာချက်အရ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်ဈေးကွက်များသည် ဂျပန်စီးပွားရေးလုပ်ငန်းများ မျက်စိကျနေသည့် ဈေးကွက်များ ဖြစ်ကြောင်း၊ နားလည်မှုစာချွန်လွှာသည် ဂျပန်အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးအကူအညီအထောက်အပံ့များပေးနိုင်ရေး DBS ဘဏ်၏ ကတိကဝတ်ဖြစ်ကြောင်း၊ ကုန်သွယ်မှု၊ စီးပွားရေးချိတ်ဆက်မှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများ အတွက် ထောက်ပံ့ကူညီဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း” DBS ဘဏ်၏ Deputy Chief Executive Officer ဖြစ်သူ Tan Su Shan က ပြောကြားခဲ့ပါသည်။
“DBS ဘဏ်နှင့် ချိတ်ဆက်နေသည့်စီးပွားရေးလုပ်ငန်းများနှင့်အတူ JFC ၏ မိတ်ဖက် လုပ်ငန်းရှင်များအတွက် ကူညီထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် အခြေခံအုတ်မြစ် ထူထောင်ခြင်းဖြစ်ကြောင်း၊ ပြည်ပတွင် ငွေကြေးရန်ပုံငွေများရယူရာ၌ လွယ်ကူစေမည်ဖြစ်ပြီး DBS ဘဏ်၏ ငွေကြေးဝန်ဆောင်မှုများနှင့် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်နေသည့် ကွန်ရက်များမှတစ်ဆင့် အခွင့်ကောင်းများကို ရယူနိုင်မည်ဖြစ်ကြောင်း၊ JFC ၏ မိတ်ဖက် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ကြောင်း” JFC ၏ SME Unit မှ Senior Managing Director ဖြစ်သူ Kenzo Yoneda က ပြောကြားခဲ့ပါသည်။
ဂျပန်အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ပြည်ပနိုင်ငံများ၌ စီးပွားရေးလုပ်ကိုင်ရာတွင် ငွေကြေးရရှိနိုင်မှုလွယ်ကူစေရေး၊ ငွေကြေးဝန်ဆောင်မှုများ ရရှိစေရေး DBS ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများကို ကူညီထောက်ပံ့နိုင်မည့် နည်းလမ်းတစ်ရပ်အဖြစ် ထည့်သွင်းစဉ်းစားနိုင်မည် ဖြစ်ပါကြောင်း သိရှိရပါသည်။
ရင်းမြစ်။ DBS
စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့