Thailand

ထိုင်းသစ်သီး တင်ပို့မှုကို မြှင့်တင်ရန် ရည်ရွယ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံတကာ သစ်သီးတင်သွင်းသူများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ရှိ

Last Updated:

ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များကို ရာသီပတ်လုံး ဈေးနှုန်းတည်ငြိမ်စွာ ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် ပဏာမလုပ်ငန်းစဉ် ၃၅ ခုကို ကြေညာခြင်းနှင့် ဈေးကွက်သစ်များ ရှာဖွေရန် နိုင်ငံတကာမှ သစ်သီးတင်သွင်းသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါသည်။

ကုန်သွယ်ရေးအတားအဆီးများကို ခုနှိမ်ရန် လတ်ဆတ်နှင့် ပြုပြင်ပြီးသော  အသီးများနှင့် စိုက်ပျိုးရေးထုတ်ကုန်များအတွက် စီးပွားရေးလုပ်ငန်းချိတ်ဆက်မှုစီမံချက်ကို ကြေညာခဲ့ပါကြောင်း၊ ယခု စီမံချက်သည် ထိုင်းစိုက်ပျိုးရေးထုတ်ကုန်များအတွက် ဈေးကွက်ရရှိရန် ၁၉ နိုင်ငံမှ အဓိက တင်ပို့သူ များနှင့် တင်သွင်းသူများကို ဖိတ်ကြားပြီး ရိတ်သိမ်းရာသီမရောက်မီ ကြိုတင်ကုန်သွယ် ချိတ်ဆက်ခြင်း ဖြစ်ကြောင်း၊ တစ်ခါတစ်ရံတွင် သစ်သီးများသည် ဝယ်လိုအားထက် ‌ရောင်းလိုအားက ပိုနေတတ်ပါကြောင်း၊ ရောင်းလိုအား များနေခြင်းသည် ဆိုးဆိုးရွားရွားမဟုတ်သော်လည်း စီမံခန့်ခွဲမှုတွင် ပြဿနာဖြစ်နေပါကြောင်း၊ စိုက်ပျိုးရေးထုတ်လုပ်မှုတွင် နိုင်ငံတွင်းရော နိုင်ငံပြည်ပရှိ ထုတ်လုပ်သူနှင့် စားသုံးသူတို့၏ အကျိုးစီးပွားအတွက် ထိထိရောက်‌ရောက် စီမံခန့်ခွဲရမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ပြောကြားခဲ့သည်။

အစိုးရအဖွဲ့အစည်းများ၊ တောင်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များပါဝင်သော ပဏာမဆောင်ရွက်ချက်ကို ပြည်ပလုပ်ငန်းများနှင့် ထိုင်းတင်ပို့သူများက သိသိသာသာ စိတ်ဝင်စားကြပြီး ဘတ် ၂ ဘီလီယံ တန်ဖိုးရှိသော ကုန်သွယ်ရေးစာချုပ် ၅ ခုထိ ရရှိခဲ့ပါကြောင်း၊ နိုင်ငံ၏ ဝင်ငွေရရှိနိုင်ရေးတွင် ပုဂ္ဂလိက ကဏ္ဍသည် ရှေ့ဆုံး၌ ရှိသဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် အဟန့်အတားဖြစ်စေသော ဥပဒေများကို ပြင်ဆင်ရန် ဝန်ကြီးချုပ်က ပြောကြားထားပါကြောင်း၊ လုပ်ငန်းကြီးများအနေဖြင့်လည်း လုပ်ငန်းငယ်များနှင့် လက်တွဲလုပ်ကိုင်ရန် အားပေးလိုကြောင်း၊ ထိုင်းလုပ်ငန်းရှင်များသည် ကမ္ဘာ့ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်၊ ထုတ်ကုန်များ၏ စဉ်ဆက်မပြတ်စေရေးနှင့် ပင်ရင်းစည်းမျဉ်းများကို မြှင့်တင်ရန် ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအနေဖြင့်လည်း ပြည်တွင်းပြည်ပသို့ လတ်ဆတ်နှင့် ပြုပြင်ပြီး သစ်သီးများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုမြှင့်တင်ရေးကို အရှိန်မြှင့်စေလိုကြောင်း၊ ရှိပြီးသော ဈေးကွက်ကို ထိန်းသိမ်းရန်၊ ခိုင်မာစေရန်နှင့် ဈေးကွက်သစ်များ ချဲ့ထွင်ရန် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းသစ်သီးတင်ပို့ခဲ့မှုသည် ဘတ် ၃၀၀ ဘီလီယံရှိခဲ့ပြီး ယခုနှစ်တွင် ဘတ် ၃၁၂ ဘီလီယံသို့ ရောက်ရှိရန် မျှော်မှန်းထားကြောင်းသိရှိရပါသည်။

ထိုင်းနိုင်ငံအစိုးရက သစ်သီးများနှင့် စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့မှုမြှင့်တင်ရန်အတွက် စီမံချက်ရေးဆွဲဆောင်ရွက်ခြင်းဖြစ်ပါသည်။ လုပ်ငန်းကြီးများ၏ ဘဏ္ဍာငွေတောင့်တင်းမှုနှင့် ဈေးကွက်ရရှိမှုကို လုပ်ငန်းငယ်များက ယှဉ်ပြိုင်ရန် ခက်ခဲသဖြင့် လုပ်ငန်းကြီးများအား လုပ်ငန်းငယ်များကို လက်တွဲခေါ်ရန် အားပေးလျက်ရှိပါသည်။ ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စဉ်ဆက်မပြတ်မှုနှင့် ပင်ရင်းစည်းမျဉ်းများသည် ပို့ကုန်များအတွက် အ‌ရေးကြီးသောကြောင့် အဆိုပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ဈေးကွက်ခိုင်မာမှုရှိစေရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Soruce: www.bangkokpost.com

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: Thailand