China(Nanning)

တရုတ်နိုင်ငံသည် စားသုံးမှုနှင့် ကုန်သွယ်မှုကို တွန်းအားပေးရန်အတွက် အကောက်ခွန်ရှင်းလင်း ရေးလုပ်ငန်းများကို ပိုမိုမြန်ဆန်စေရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပကုန်သွယ်မှုနှစ်ရပ်စလုံးကို မြှင့်တင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော အခြေအနေများကို ဖန်တီးလျက်ရှိရာ တရုတ်နိုင်ငံ၏ အကောက်ခွန် အာဏာပိုင်များသည် ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို မြန်ဆန်ချောမွေ့စေရန် ဆန်းသစ်သော အစီအမံများစွာကို အကောင်အထည်ဖော်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလုပ်ဆောင်ချက်များသည် ပြည်သူများ၏ ဝယ်လိုအားကို မြှင့်တင်ပေးရုံသာမက တရုတ်နိုင်ငံ၏ စီးပွားရေးကို စဉ်ဆက်မပြတ် ပြန်လည်နာလန်ထူလာစေရန် သိသာထင်ရှားသော တွန်းအားကိုလည်း ဖြစ်စေသည်ဟု အကောက်ခွန်အရာရှိများက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဥပမာအားဖြင့် နွေဦးပွဲတော်ကာလတွင် ဈေးကွက်၌ ရောင်းလိုအား ပြတ်လပ်မှုမရှိစေရန်အတွက် ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အကောက် ခွန်စစ်ဆေးရေးနေရာ၌ ညအချိန်နှင့် စနေ၊ တနင်္ဂနွေနေ့များတွင် အရေးပေါ်စီမံဆောင်ရွက်ရေး ဝန်ဆောင်မှုကို ပံ့ပိုးပေးထားပြီး ပင်လယ်စာ၊ သစ်သီးဝလံနှင့် ပန်းများအပါအဝင် လတ်ဆတ်သော ကုန်ပစ္စည်းများကို အချိန်နှင့် တပြေးညီ အကောက်ခွန်ရှင်းလင်းနိုင်ရန်အတွက် (၂၄) နာရီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

အလားတူ ပေကျင်းမြို့ရှိ Daxing အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အကောက်ခွန်အာဏာပိုင်များသည် "one-to-one" လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ခဲ့ပြီး တင်သွင်းသူများနှင့် တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ကာ ပိုးမွှားစစ်ဆေးမှု ကြီးကြပ်ရေးအစီအမံများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါလေဆိပ်နှစ်ခုမှတစ်ဆင့် နိုင်ငံ၏မြို့တော်သို့ ဝင်ရောက်လာသော လတ်ဆတ်သော ထုတ်ကုန်များသည် ပေကျင်းမြို့ရှိ ဈေးကွက် လိုအပ်ချက်အား ဖြည့်ဆည်းပေးသည့်အပြင် ပေကျင်း-ထန်ကျင်း-ဟဲပေဒေသများအတွင်းရှိ မြို့ကြီးများသို့လည်း ဖြန့်ဖြူးပေးလျက်ရှိကြောင်း Beijing Daxing အပြည်ပြည်ဆိုင်ရာ လေဆိပ်အကောက်ခွန်ဌာနမှ လက်ထောက်အကြီးအကဲ Yin Haifeng က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ပေကျင်းအကောက်ခွန်ဌာန၏ အချက်အလက်များအရ ပေကျင်း၏ နိုင်ငံခြားကုန်သွယ်မှု တန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ယွမ် (၃.၆၅) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅၀၇.၃၇ ဘီလီယံ) သို့ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၀.၃) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း၊ သွင်းကုန်သည် ယွမ် (၃.၀၅) ထရီလီယံရှိ၍ ယခင်နှစ်ကဲ့သို့ပင်ဖြစ်ပြီး ပို့ကုန်သည် ယွမ်ငွေ (၆၀၀.၀၁) ဘီလီယံ ရှိခဲ့ပြီး ယခင်နှစ်ကထက် (၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် ပေကျင်း-ထန်ကျင်း-ဟဲပေဒေသ၏ သွင်းကုန်နှင့်ပို့ကုန်ပမာဏသည် ယွမ် (၅.၀၃) ထရီလီယံအထိ ရောက်ရှိခဲ့ပြီး သုံးနှစ်ဆက်တိုက် အပြုသဘောဆောင်သော တိုးတက်မှုကို ရရှိခဲ့ကြောင်း၊ အဆိုပါဒေသ၏ သွင်းကုန်ပမာဏသည် နိုင်ငံ၏ စုစုပေါင်းသွင်းကုန် တန်ဖိုး၏ (၂၀) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်တွင် ဖေဖော်ဝါရီ (၁၀) ရက်နေ့မှ (၁၇) ရက်နေ့အထိ နွေဦးပွဲတော်အားလပ်ရက်အတွင်း တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် ယွမ် (၃၄၅) သန်းတန်ဖိုးရှိ ကုန်ပစ္စည်းတန်ချိန် (၁၃၀,၀၀၀) ကို တင်ပို့တင်သွင်းခဲ့ကြောင်း ကူမင်း အကောက်ခွန်ဌာန၏ အချက်အလက်အရ သိရှိရပါသည်။ အဓိကအားဖြင့် သံမဏိ၊ မော်တော် ယာဥ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကို တင်ပို့ခဲ့ပြီး ငှက်ပျောသီး၊ ဒူးရင်း၊ မင်းဂွတ်သီးနှင့် သံရိုင်းများ တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အားလုံးနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ခြင်း၊ ရောက်ရှိလာသည့် ကုန်စည်များကို စီမံဆောင်ရွက်ပေးခြင်း၊ ရောဂါပိုးမွှားစစ်ဆေးရေးနှင့် အကောက်ခွန်ရှင်းလင်းရေးအတွက် ဝန်ထမ်း များကို တာဝန်ချထားပေးခြင်း၊ ထိရောက်ပြီး တင်းကြပ်သော ကြီးကြပ်မှုကို ဆောင်ရွက်နိုင်ရန် နည်းပညာမြင့် စစ်ဆေးရေးကိရိယာများကို အပြည့်အဝအသုံးပြုခြင်းများကို ဆောင်ရွက်ခဲ့သည်ဟု ကူမင်းအကောက် ခွန်လက်အောက်ရှိ Mengla အကောက်ခွန်ဌာန၏ လက်ထောက် အကြီးအကဲ Zhou Baohua က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရှစ်ရက်ကြာ အားလပ်ရက်အတွင်း တရုတ်နိုင်ငံ၏ စားသုံးမှုသည် မြင့်တက်လာခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး နိုင်ငံတစ်ဝှမ်းရှိ အဓိက လက်လီလုပ်ငန်းများနှင့် စားသောက်ဆိုင်များမှ ရောင်းချခဲ့သည့် ပမာဏသည် တစ်နှစ်ထက်တစ်နှစ် (၈.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အားလပ်ရက်အတွင်း စားသုံးသူဈေးကွက် မြင့်တက်ခြင်းသည် တရုတ်နိုင်ငံတွင် စားသုံးမှု တိုးတက်ရန်အတွက် သိသာထင်ရှားသော အလားအလာများရှိနေသေးသည်ကို ပြသခဲ့ကြောင်း ပေကျင်းအခြေစိုက် Chinese Academy of Social Sciences မှ သုတေသနအရာရှိဖြစ်သူ Ni Yueju မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://europe.chinadaily.com.cn/a/202402/23/WS65d7f019a31082fc043b 8ae4.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)