China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ပြည်သူများ၏ သုံးစွဲမှုပမာဏများကို ဆက်လက် မြှင့်တင်ခြင်းဖြင့် စီးပွားရေးတိုးတက်မှုရရှိစေရန် ဆောင်ရွက်လျက်ရှိ

Last Updated:

တရုတ်နိုင်ငံမှ အကြီးတန်းပညာရှင်တစ်ဦး၏ ပြောကြားချက်အရ နိုင်ငံ၏စီးပွားရေးတိုးတက်မှု အရှိန်အဟုန်တိုးမြင့်စေရေးအတွက် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏမြင့်တက်လာစေရေးကို အဓိကထား၍ ကြိုးပမ်း အားထုတ်ဆောင်ရွက်ရန် မျှော်လင့်လျက်ရှိကြောင်း သိရှိရပါ သည်။

မကြာမီက ပေကျင်းမြို့၌ကျင်းပခဲ့သည့် အာရှ-ပစိဖိတ်ဘဏ္ဍာရေးဆိုင်ရာဖိုရမ်၌ China Center for International Economic Exchanges ၏  Chief Economist ဖြစ်သူ Ms. Chen Wenling က အောက်ပါအတိုင်း အကြံပြုပြောကြားခဲ့ကြောင်း တွေ့ရှိရပါသည်-

  •  ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏမြှင့်တင်ရန် ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ စီးပွားရေးကို တိုးတက်စေနိုင်မည့်      အရေးအကြီးဆုံးဆောင်ရွက်မှု တစ်ခုပင်ဖြစ်ကြောင်း၊
  • တရုတ်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၌ စားသုံးမှုဖော်ပြချက်မှာ တိုးတက်လျက်ရှိသော်လည်း သုံးစွဲမှုပမာဏများပြားသည့် အဓိကလူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှုမှာ ယခင်နှစ်ဖော်ပြချက်အရ နှစ်အလိုက်နှိုင်းယှဉ်ချက်တွင် ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သဖြင့် သုံးစွဲမှုပမာဏ ပိုမိုမြှင့်မားစေရေးသည် ယခုနှစ်စီးပွားရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့်အရာဖြစ်ကြောင်း၊
  • အမျိုးသားစာရင်းအင်းဗျူရို၏ ကိန်းဂဏန်းအချက်အလက်များအရ  လူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှုသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ ကာလအတွင်း နှစ်အလိုက်နှိုင်းယှဉ်ချက်အရ ၃.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း (သို့မဟုတ်) ၂၀၂၂ ခုနှစ် ဒီဇင်ဘာလသုံးစွဲမှု အဆင့်ထက် ၅.၃ ရာခိုင်နှုန်း ပိုများလာကြောင်း၊
  • Offline သုံးစွဲမှုကို အားပေးဆောင်ရွက်ရန်နှင့် စျေးကွက်အနေအထားကို ကူးစက်ရောဂါကာလမတိုင်မီ အခြေအနေအထိ ပြန်လည်ရရှိရေး ဆောင်ရွက်ရန်မှာ အဓိကအချက်ဖြစ်ကြောင်း၊  
  • နောက်ထပ်အလားအလာရှိသည့် စီးပွားရေးဆိုင်ရာ Business Models များနှင့် Formats များ ချမှတ်နိုင်ရေးအတွက် Offline နှင့် Online သုံးစွဲမှုကို ပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုရရှိအောင် ဆောင်ရွက် သင့်ကြောင်း၊
  • အိမ်ရာအဆောက်အဦး၊ မော်တော်ကားနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ စသည်တို့ပါဝင်သည့် တန်ဖိုးမြင့်ကုန်စည်များ၏ သုံးစွဲမှု မြင့်တက်လာစေရေးကိုလည်း ဆောင်ရွက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားကြောင်း၊
  • တရုတ်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍနှင့်သက်ဆိုင်သည့် မူဝါဒများသည်လည်း အိမ်ရာအဆောက်အဦးနှင့်ပတ်သက်သည့် အမျိုးမျိုးသောလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် တည်ငြိမ်မှုရှိပြီး အဆိုပါကဏ္ဍအား လွှမ်းခြုံနိုင်သည့်ပုံစံမျိုး ချမှတ်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊  
  • တန်ဖိုးကြီးအိမ်ရာများ ရောင်းချမှုတွင်လည်း ဝယ်ယူနိုင်စွမ်းရှိသည့် ပြည်သူများနှင့် အိမ်ရာ၊ တိုက်ခန်းများငှားရမ်းရာတွင် စျေးကွက်ဦးစားပေးစျေးနှုန်းစနစ် ကျင့်သုံးခြင်းဖြင့်  မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊
  • ယင်းနောက် သုံးစွဲမှုအလားအလာပိုမိုများပြားသည့် သက်ကြီးရွယ်အိုများ၊ လူငယ်များနှင့် အမျိုးသမီးများပါဝင်သည့် အဓိကစားသုံးသူအုပ်စုနှင့် ကျန်းမာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ခရီးသွားလာရေးနှင့် အိမ်သန့်ရှင်းရေးကဲ့သို့သော ဝန်ဆောင်မှုလုပ်ငန်းများ၌ သုံးစွဲမှုတိုးတက်လာစေရန်လည်း ဆောင်ရွက်သင့်ကြောင်း၊
  • ဒစ်ဂျစ်တယ်သုံးစွဲမှုကိုချဲ့ထွင်ရန်အတွက် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံမြှင့်တင်ရေးနှင့် ဒေသအနှံ့ရှိအရင်းအမြစ်များနှင့် ထုတ်လုပ်မှုဆိုင်ရာ အချက်အလက်ခွဲဝေမှုများ အားကောင်းလာစေရန်အတွက် နိုင်ငံတကာနှင့် ဒေသတွင်းစားသုံးမှု အချက်အချာကျသည့်မြို့များ၌ စိုက်ပျိုးရေးကဏ္ဍကို မြှင့်တင်ရန်လည်း မျှော်လင့်ထားကြောင်း၊
  • သုံးစွဲမှုပမာဏမြင့်တက်လာစေရေးအတွက် နိုင်ငံ၏အလယ်အလတ်တန်းစား ဝင်ငွေအုပ်စုတိုးပွားလာစေရေး၊ လုပ်ငန်းရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးမြှင့်စေရေးတို့အတွက် စျေးကွက်ဆိုင်ရာ အဖွဲ့ အစည်းများအား တွန်းအားပေးဆောင်ရွက်သင့်ကြောင်း၊

အထက်ဖော်ပြပါ သတင်းအရ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် ယခုနှစ်တွင် နိုင်ငံ၏စီးပွားရေး တိုးတက်စေရေးအတွက် ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာ သုံးစွဲမှုပမာဏမြင့်တင်ရေးကို အဓိကဦးစားပေးဆောင်ရွက်မည် ဖြစ်ကြောင်း၊ Offline သုံးစွဲမှုတိုးတက်ရေး ဦးတည်ဆောင်ရွက် ပြီးနောက် Offline နှင့် Online ပူးပေါင်းဆောင်ရွက်နိုင်မည့် Business Models နှင့် Formats များ ချမှတ်နိုင်ရေးဆောင်ရွက်ရန် မျှော်မှန်းနေကြောင်း၊ အိမ်ခြံမြေဆိုင်ရာမူဝါဒများ တည်ငြိမ်မှုရှိစေရေးနှင့် စျေးကွက်ဦးစားပေးရောင်းချသည့် စျေးနှုန်းစနစ်များကျင့်သုံး၍ တန်ဖိုးမြင့်ကုန်စည်များ၏ ဝယ်လိုအားမြင့်တက်စေရန် ဆောင်ရွက်နိုင်ကြောင်း၊ အဓိကစျေးကွက် ဝယ်လိုအားအတွက် သက်ကြီးရွယ်အိုများ၊ လူငယ်များနှင့် အမျိုးသမီးများပါဝင်သည့် စားသုံးသူအုပ်စုကို ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် ဒစ်ဂျစ်တယ်အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တချိန်တည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အရင်းအမြစ်နှင့် ထုတ်လုပ်မှုဆိုင်ရာ ခွဲဝေခြင်းအားကောင်းစေရန်အတွက် နိုင်ငံတကာနှင့်ဒေသတွင်း အချက်အချာကျသည့်မြို့များ၌ စိုက်ပျိုးရေးကဏ္ဍကို တိုးတက် အောင် ဦးစားပေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ စျေးကွက်ဆိုင်ရာအဖွဲ့အစည်းများအား တွန်းအားပေးပံ့ပိုး၍ နိုင်ငံ၏အလယ်အလတ်တန်းစား ဝင်ငွေအုပ်စုတိုးပွားလာရေး၊ လုပ်ငန်းရှင်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရေးဆောင်ရွက်ပြီး ဝင်ငွေများ တိုးတက်ရရှိခြင်းကြောင့် ပြည်သူများ၏ သုံးစွဲမှုပမာဏ မြင့်တက်လာစေခြင်းဖြင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုရရှိအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း ခန့်မှန်းသုံးသပ်ရပါသည်။


Source: China to continue boosting consumption leading to economic growth - Chinadaily.com.cn


စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)