China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှု ခိုင်မြဲစွာ ဆက်လက်ဆောင်ရွက်သွားရန်ရည်ရွယ်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ပြည်နယ်၊ Boao မြို့၌ ၂၈-၃-၂၀၂၃ မှ ၃၁-၃-၃၀၂၃ ထိ ကျင်းပခဲ့သည့် BOAO Forum for Asia(BFA) Annual Conference ကို ကျင်းပခဲ့ပြီး အဆိုပါ ဖိုရမ်၌ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အကြီးမားဆုံးကုန်သွယ်ဖက်

အာဆီယံအထွေထွေအတွင်းရေးမှူးချုပ် Mr. Kao Kim Hourn ပြောကြားမှုအရ တရုတ်နိုင်ငံသည်လွန်ခဲ့သည့် ၁၃နှစ်ကျော်ကာလကပင် အာဆီယံနိုင်ငံများ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးထွက်ကုန် ဆိုင်ရာ ကုန်သွယ်မှုမှာ အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ တရုတ်နှင့်အာဆီယံနိုင်ငံများသည် ပြောင်း၊ အသား၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စသည့် စိုက်ပျိုးရေးထွက်ကုန်များကို ကုန်သွယ်မှု ပြုနေသည်သာမက ဝန်ထမ်းများအချင်းချင်း လုပ်ငန်းခွင်ဖလှယ်မှုနှင့် နည်းပညာဖလှယ်မှုများ ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါသည်။

တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မှတဆင့် ထိုင်းနိုင်ငံမှထွက်ရှိသည့်ဒူးရင်းသီး၊ ဖိလစ်ပိုင်နိုင်ငံမှဌက်ပျောသီး၊ ဗီယက်နမ်နိုင်ငံမှပင်မှည့်သီး၊ ကမ္ဘောဒီးယားနိုင်ငံမှ ကြက်မောက်သီး နှင့် မလေးရှားနိုင်ငံမှ ကော်ဖီစသည့် ASEAN နိုင်ငံများမှ ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များကို တရုတ်နိုင်ငံမှ ပြည်သူများ ကောင်းမွန်စွာ လက်ခံသုံးစွဲနေရခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Sui Pengfei ၏ ပြောကြားမှုအရ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့် နည်းပညာဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ အစားအစာ ဘေးကင်းလုံခြုံမှု၊ စိုက်ပျိုးရေးကဏ္ဍ ရေရှည်စိမ်းလန်းဖွံဖြိုးတိုးတက်မှု၊ အစိုးအချင်းချင်း မူဝါဒပူးပေါင်းဆောင်ရွက်မှုတို့က တရုတ်အာဆီယံအသိုက်အဝန်းကို ပိုမိုနီးကပ်စွာ ခိုင်မြဲစေပြီး အနာဂတ်ကာလ၌လည်း မျှဝေခံစားနိုင်မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ၏ ကုန်သွယ်မှုပမာဏမှာ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံသို့ ရောက်ရှိ ခဲ့ကြောင်း၊ ကမ္ဘာတစ်ဝှမ်းရှိ ဒေသတွင်းနှင့် အခြားနိုင်ငံများနှင့် ကုန်သွယ်မှု၏ ထိပ်ဆုံးတွင်ရှိကြောင်း သိရှိရ ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေစီမံအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၏ ကိန်းဂဏန်း အချက်အလက်များအရ အာဆီယံနိုင်ငံများမှ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ပစ္စည်း အမျိုးအစား ၁၅၀၀ နီးပါးကို တရုတ်နိုင်ငံ သို့ တင်ပို့လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေးမျိုးစေ့များနှင့် နည်းပညာအကူအညီများဖြင့်လည်း အာဆီယံနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရေး မြှင့်တင်ပေးလျက်ရှိကြောင်း သိရှိ ရပါသည်။

နည်းပညာဖလှယ်မှု

တရုတ်နိုင်ငံရှိ Chinese Academy of Tropical Agricultural Sciences (CATAS)မှ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Mr. Xie Jiang Hui ကလည်း မွေးမြူရေးဆိုင်ရာ မျိုးကွဲအသစ်များ၊ အရည်အသွေးပြည့်မီစေမည့် ထွန်ယက်စိုက်ပျိုးခြင်း နည်းပညာများပြသခြင်း၊ အပူပိုင်းဒေသ စိုက်ပျိုးရေးထွက်ကုန်များအတွက် ဦးတည်ဆောင်ရွက်ခြင်း စသည်ဖြင့် အာဆီယံနိုင်ငံများနှင့် စီမံကိန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ Academy အနေ ဖြင့် ထိုင်းနိုင်ငံ Kasetsart Universityနှင့် ကမ္ဘောဒီးယားနိုင်ငံရှိ Royal University of Agriculture ကဲ့သို့ အာဆီယံနိုင်ငံများရှိ သိပ္ပံနှင့်ပညာရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် ၂၅ ခုကိုလည်း လက်မှတ်ရေးထိုးပြီးဖြစ်ပါကြောင်း၊ CATAS မှ အာဆီယံနိုင်ငံများတွင် စိုက်ပျိုးရေးနည်းပညာနှင့်ပတ်သက်သည့် သင်တန်းစုစုပေါင်း ၅၀ခန့် ပို့ချပြီးဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် ပီလောပီနံမျိုးကွဲရှစ်မျိုး ထွန်ယက် စိုက်ပျိုးရန်အတွက်လည်း စုစုပေါင်း ၆၇၀၀၀ ဟက်ကာခန့်ရှိသည့် စိုက်ပျိုးမြေဧရိယာပေါ်တွင် တိုးမြှင့်ဆောင်ရွက်နေ‌ကြောင်းသိရှိရပါသည်။

ဟိုင်နန်ပြည်နယ်

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်ကို အာဆီယံဒေသအတွက် အပူပိုင်းဒေသထွက်ကုန်ဈေးကွက်နှစ်ခုကြား ခိုင်မာအားကောင်းသည့် ဆက်သွယ်မှုရှိစေရန် cold chain သယ်ယူပို့ဆောင်မှုနှင့် ကုန်သွယ်မှုအချက်အချာ နေရာအဖြစ်လည်းကောင်း၊ အပူပိုင်းဒေသ စိုက်ပျိုးရေးထွက်ကုန်များ သိုလှောင်သိမ်းဆည်းနိုင်သည့်နေရာအဖြစ်လည်းကောင်း ရည်ရွယ်တည်ဆောက်လျက်ရှိကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များက ဟိုင်နန်နှင့် အာဆီယံနိုင်ငံများအကြား R&D ဆိုင်ရာ ကိစ္စရပ်များ၊ အပူပိုင်းဒေသထွက် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ သုံးစွဲခြင်းဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့် အပူပိုင်းဒေသထွက် စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှု၊ တင်သွင်းမှုတည်ငြိမ်မှုရှိစွာ တိုးတက်စေရေးအတွက် ကုန်သွယ်မှုကဏ္ဍတွင်လည်း နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်းသိရှိရပါသည်။

ဟိုင်နန်ပြည်နယ်၏ Vice Governor တစ်ဦးဖြစ်သူ Ms. Xie Jing အဆိုအရ ဟိုင်နန် ပြည်နယ်ကို RCEP ၏ ကဏ္ဍမြှင့်တင်ရန် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စက်မှုလုပ်ငန်းကွင်းဆက်၊ ဖြန့်ဖြူးမှုကွင်းဆက်နှင့် တန်ဖိုး ကွင်းဆက်များ ခိုင်မာအားကောင်းစေရေး တိုးမြှင့်သည့်နေရာနှင့် လွတ်လပ်စွာ ကုန်သွယ်နိုင်သည့်နေရာအဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ကုန်သွယ်မှုဆက်လက်တိုးမြှင့်စေရေးဆောင်ရွက်

တရုတ်နိုင်ငံအနေဖြင့် ငါး၊ ကြက်သွန်ဖြူ၊ ရှောက်သီး၊ ပန်းသီး၊ ဟင်းခတ်အမွှေးအကြိုင်နှင့် အခြားထုတ်ကုန်များကို အာဆီယံနိုင်ငံများသို့တင်ပို့ခြင်း၊ အာဆီယံနိုင်ငံ များ၏ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်ဆီ၊ ရေထွက်ပစ္စည်း၊ အစေ့အဆံများနှင့် အခြား အဓိကစိုက်ပျိုးရေးထွက်ကုန်များ တင်သွင်းခြင်းစသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ယင်းသို့ နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုအဆင့် တိုးတက်အောင်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နောင်လာမည့် ၅ နှစ် သို့မဟုတ် ၇ နှစ်တွင် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံသို့ ရောက်ရှိနိုင်မည် ဖြစ်ပါကြောင်း၊ ဖိုရမ်သို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များကလည်း တရုတ်နှင့် အာဆီယံနိုင်ငံများအနေဖြင့် အပူပိုင်းဒေသ စိုက်ပျိုးရေးထွက်ကုန်များ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် အစားအစာ ဘေးကင်းလုံခြုံမှု ရှိစေမည့် စံသတ်မှတ်ချက်များ ချမှတ်ရာတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း စသည်ဖြင့်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

လေ့လာသုံးသပ်ချက်

ဖော်ပြပါဖိုရမ်တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေး ပြောကြားခဲ့မှုများအရ အောက်ပါတို့ကို လေ့လာတွေ့ရှိရပါသည်_

  •  တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စိုက်ပျိုးရေး ကဏ္ဍတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာဖလှယ်မှု စသည်တို့ကို ဆက်လက်တိုးမြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊
  •  ဟိုင်နန်ပြည်နယ်ကို RCEP ၏ ကဏ္ဍမြှင့်တင်ရန် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စက်မှုလုပ်ငန်းကွင်းဆက်၊ ဖြန့်ဖြူးမှုကွင်းဆက်နှင့် တန်ဖိုးကွင်းဆက်များ ခိုင်မာအားကောင်းစေရေး တိုးမြှင့်သည့်နေရာနှင့်    လွတ်လပ်စွာ ကုန်သွယ်နိုင်သည့်နေရာအဖြစ် အသုံးပြုနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
  •  နှစ်ဖက်အပြန်အလှန် ကုန်သွယ်မှုအဆင့် တိုးတက်အောင် ပူးပေါင်းဆောင်ရွက်ပြီး နောင်လာမည့် ၅ နှစ် (သို့မဟုတ်) ၇ နှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံသို့ရောက်ရှိနိုင်ရေး မျှော်မှန်း လျက်ရှိကြောင်း၊
  • အပူပိုင်းဒေသ စိုက်ပျိုးရေးထွက်ကုန်များ စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်းနှင့် အစားအစာ ဘေးကင်းလုံခြုံမှုရှိစေမည့် စံသတ်မှတ်ချက်များ ချမှတ်ရာတွင်လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့်လည်း စိုက်ပျိုးရေးထွက်ကုန်များ စိုက်ပျိုးဖြစ်ထွန်းသည့်နိုင်ငံဖြစ်သည်နှင့်အညီ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်း ASEAN နိုင်ငံများနှင့်စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ကုန်သွယ်မှုပမာဏ တိုးမြင့်စေရေးနှင့် အရည်အသွေးမြင့်မားသည့် စိုက်ပျိုးရေးထွက်ကုန်များထွက်ရှိနိုင်ရေး နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ခန့်မှန်းသုံးသပ်ရပါသည်။

Source; China, ASEAN aim for deepened agriculture cooperation - People's Daily Online

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Category: China(Beijing)