Germany

ဂျာမန်ပိုင် အပူစုပ်စက်ထုတ်လုပ်သည့်လုပ်ငန်းအား အမေရိကန်ကုမ္ပဏီသို့ရောင်းချ

Last Updated:

ဂျာမနီနိုင်ငံတွင် ပြည်တွင်းအပူစုပ်စက် ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည့် Viessman အနေဖြင့် ယင်းလုပ်ငန်းကို စီးပွားရေးပြိုင်ဖက်ဖြစ်သော အမေရိကန်နိုင်ငံရှိ လုပ်ငန်းတစ်ခုသို့ ရောင်းချလိုက်ခြင်းသည် ဂျာမနီနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်မှုရှိနေဆဲဖြစ် သည်ကို ပြသနေကြောင်း ဂျာမန်စီးပွားရေးဝန်ကြီး Robert Habeck က ၂၆-၄-၂၀၂၃ ရက်က ပြောကြားခဲ့ပါသည်။ သို့သော်လည်း ၎င်းအနေဖြင့် Viessman နှင့် Carrier Global တို့ချုပ်ဆို ထားသော သဘောတူညီချက်ကိုမူ သေချာစွာစစ်ဆေးသွားမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

Viessman အနေဖြင့် ၎င်း၏ စီးပွားရေးလုပ်ငန်းကို ရောင်းချရန်စီစဉ်ခြင်းသည် ရာသီဥတုဒဏ်ကို ကာကွယ်နိုင်မည့်နည်းပညာပစ္စည်းများ အနာဂတ်ကာလတွင် ရှိလာနိုင်မည်ကို ပြသနေကြောင်း Habeck က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ယခုကဲ့သို့ရောင်းချမှုသည် ဂျာမန်ကုမ္ပဏီများအနေဖြင့် အပူစုပ်စက်ဈေးကွက်ဖြင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ပြီး ၎င်းတို့အတွက် လုံလောက်သော  အရင်းအနှီးများရရှိနိုင်ရန် ဆွဲဆောင်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် အစိုးရ၏ စွမ်းအင်နှင့် အပူပိုင်းဆိုင်ရာပြောင်းလဲခြင်း မူဝါဒစီမံချက်သည် ကြီးမားသောဖြစ်ပေါ်တိုးတက်မှုများအတွက် လမ်းစဉ်တစ်ခုကို ချမှတ်ပေးခြင်းဖြစ်သည်ဟု စီးပွားရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။

မည်သို့ပင်ဆိုစေကာမူ ၎င်းတို့ချမှတ်ထားသော စွမ်းအင်မူဝါဒ၏ အကျိုးကျေးဇူးများနှင့် ယင်းမူဝါဒကြောင့် ရရှိလာသော အကျိုးအမြတ်များသည် ဂျာမနီနိုင်ငံကို ဆက်လက်အကျိုးပြုနေရန် အရေးကြီးကြောင်း Habeck က အလေးပေးပြောကြားခဲ့ပါသည်။

ထို့ကြောင့်လည်း အစိုးရအနေဖြင့် အဆိုပါစီမံကိန်းသည် ဂျာမန်စီးပွားရေးကို ဆက်လက် အကျိုးပြုနေမည့် စီမံကိန်း ဟုတ်/မဟုတ်သေချာစေရန်ရောင်းချသူ Viessman ကုမ္ပဏီနှင့် ဝယ်ယူသူ Carrier Global ကုမ္ပဏီနှစ်ခုစလုံးနှင့် ဆွေးနွေးနေသည်ဟု ၎င်းက ပြောကြားခဲ့ပါသည်။

Carrier Global ကလည်း ၎င်းတို့အနေဖြင့် Viessman ကုမ္ပဏီကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ (ယူရို ၁၀.၉ ဘီလီယံ) ဖြင့်ဝယ်ယူရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း ၂၅- ၄-၂၀၂၃ ရက် က ပြောကြားခဲ့ပါသည်။

အဆိုပါသဘောတူညီချက်အရ Viessman သည် Carrier ကုမ္ပဏီ၏ အကြီးဆုံးအစုရှယ်ယာရှင်များထဲမှ တစ်ခုဖြစ်လာမည်ဖြစ်ပြီး လက်ရှိ Viessman ဂျာမန်ကုမ္ပဏီ၏ CEO ဖြစ်သူ Max Viessmann သည်လည်း Carrier ၏ ဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ရန် စီစဉ်ထားပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ယင်းသို့ ကုမ္ပဏီအရောင်းအဝယ်ကိစ္စများနှင့် ရှုပ်ထွေးနေချိန်တွင် ဂျာမန်နိုင်ငံရေးသမားများက ဖြစ်ပေါ်တိုးတက်မှုကို ဝေဖန်ပြစ်တင်ခဲ့ကြပြီး ယင်းကိစ္စကြောင့် ဂျာမန်စီးပွားရေးအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများရှိလာနိုင်ကြောင်း သတိပေးခဲ့ပါသည်။

ထို့ပြင် စီးပွားရေးကိစ္စရပ်များကိုသာ အလေးပေးဆောင်ရွက်သည့် လွတ်လပ်သောဒီမိုကရက်ပါတီ (FDP)၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ  Bijan Djir-Sarai ကလည်း အဆိုပါရောင်းချမှုသည် ရှုပ်ထွေး၍ ကတိုက်ကရိုက်နိုင်သော  စွမ်းအင်ကဏ္ဍဆိုင်ရာအပြောင်းအလဲများကို ဖြစ်ပေါ်စေနိုင်ပြီး ယင်းအပြောင်းအလဲများသည် ဂျာမန်စီးပွားရေးအပေါ် အပျက်သဘောဆောင်သည့်  သက်ရောက်မှုများရှိလာနိုင်ကြောင်း Handelsblatt ဘဏ္ဍာရေးနေ့စဉ်သတင်းစာသို့ ပြောကြားခဲ့ပါသည်။

FDP သည် Olaf Scholz ဦးဆောင်သော centre-left Social Democratic Political Party (SPD) နှင့် ဂျာမန်စီးပွားရေးဝန်ကြီး Habeck အဖွဲ့ဝင်အဖြစ်ပါဝင်သော Greens ပါတီတို့နှင့် မဟာမိတ်ဖြစ်ရာ အဆိုပါစွမ်းအင်မူဝါဒသည် မဟာမိတ်ညွန့်ပေါင်းအစိုးရအဖွဲ့ဝင်များအကြား အငြင်းပွားစရာ အဓိကအကြောင်းအရာတစ်ခုဖြစ်လာပါသည်။

အတိုက်အခံကွန်ဆာဗေးတစ်အစုအဖွဲ့ (CDU/CSU) ၏ စီးပွားရေးဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Julia Klöckner ကလည်း ဂျာမန်မိသားစုပိုင်လုပ်ငန်းတစ်ခု အမေရိကန်တို့လက်ထဲသို့ ရောက်ရှိ အဆုံးသတ်သွားရခြင်းမှာ ရှက်ဖွယ်ဖြစ်ကြောင်း Funke မီဒီယာသို့ ပြောကြားခဲ့ပါသည်။

ဂျာမနီတွင် ဓာတ်ငွေ့ဘွိုင်လာများသုံးစွဲမှုကို ပိတ်ပင်လိုက်ခြင်းသည် ဂျာမန်ကုမ္ပဏီများအကြား အပြောင်းအလဲများစွာဖြစ်ပေါ်စေကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ပိုမိုဆွဲဆောင်နိုင်ခဲ့ကြောင်း၊  ပြည်တွင်းစက်မှုလုပ်ငန်းများအနေဖြင့် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ဆက်လက်ရှိနေစေရေးအတွက် ခိုင်မာအားကောင်းသော ပူးပေါင်းဆောင်ရွက်မှုများရှိရန်လိုအပ်ကြောင်း Klöckner က ထပ်လောင်း ပြောကြားခဲ့ပါသည်။

Viessman ကုမ္ပဏီအား အမေရိကန်သို့ ရောင်းချလိုက်သည့်သတင်းအပေါ် ဂျာမန် CDU လွှတ်တော်အမတ် Jens Spahn က RND သတင်းစာသို့ မှတ်ချက်ပေးရာတွင် ယင်းကိစ္စမှာ အာရှကုမ္ပဏီများနှင့် ယှဉ်ပြိုင်နိုင်ရေးအတွက် ထုတ်လုပ်မှုကိုမြှင့်တင်ရန် အစိုးရကထုတ်လုပ်သူများအား ဖိအားပေးခဲ့ ခြင်းကြောင့်ဖြစ်သည်ဟု စွပ်စွဲခဲ့ပါသည်။

အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လိုအပ်နေပုံရကြောင်းနှင့် အစိုးရ၏မူဝါဒများကြောင့်  ဂျာမန်အပူစုပ်စက်လုပ်ငန်း အလောတကြီး ရောင်းချလိုက်ရသည်အထိ ဖြစ်သွားစေခဲ့ကြောင်းကို ထောက်ပြရမည်ဟု Spahn က ဆက်လက်ပြောကြားခဲ့ပါသည်။

အိမ်ရာများတွင် လောင်စာအသုံးပြုမှုကိုလျှော့ချရန် ရည်ရွယ်ထားသည့် စီမံချက်ကြောင့် အပူစုပ်စက်များ ၀ယ်လိုအားတိုးလာနိုင်သည်ဟု မျှော်လင့်ထားပါသည်။ ၂၀၂၄ ခုနှစ်မှစတင်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့သုံး ဘွိုင်လာများ တပ်ဆင်ခြင်းကို တားမြစ်ရန် ဂျာမန်စီးပွားရေးဝန်ကြီးဌာနက အဆိုပြုထားပြီးဖြစ်ပါသည်။

 

 

 

Source:   https://www.dw.com/en/germanys-habeck-mixed-on-sale-of-heat-pump-maker-to-us-firm/

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany