China (Kunming)

စွမ်းအင်သစ်ပူးပေါင်းဆောင်ရွက်မှုအတွက် (၉) ကြိမ်မြောက် EAS ဖိုရမ်ကျင်းပခဲ့

Last Updated:

(၉) ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေး (EAS) စွမ်းအင်သစ်ဖိုရမ်ကို ဇွန်လ ၂၉ ရက်နေ့တွင် ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ထိုင်းနှင့် စင်္ကာပူနိုင်ငံ စသည့် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ် ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ စွမ်းအင်သစ်လုပ်ငန်းအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆန်းသစ်တီထွင်သော ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆွေးနွေးခဲ့ကြပါသည်။

“တရုတ်နိုင်ငံသည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၆ နိုင်ငံကျော်နှင့် သိပ္ပံနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကို ထူထောင်ထားပြီး နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ နည်းပညာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ သန့်ရှင်းသောစွမ်းအင်နှင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းများဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကဲ့သိုသော ဘက်စုံလုပ်ငန်းစဉ်များတွင် တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိသည်” ဟု သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၏ နိုင်ငံတကာပူးပေါင်း ဆောင် ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် Dai Gang က ပြောကြားခဲ့သည်။

အဆိုပါဖိုရမ်တွင် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယာနိုင်ငံတို့မှ စွမ်းအင်သစ်ပညာရှင်များက pumped storage power stations၊ carbon neutrality၊ photocatalytic technology နှင့် high-temperature fuel cells တို့နှင့်ပတ်သက်၍ မိန့်ခွန်းများ ပြောကြားခဲ့သည်။ စွမ်းအင်သစ်နယ်ပယ်တွင် တက်ရောက်လာသည့် နိုင်ငံများအနေဖြင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ရန် အဆိုပြုခဲ့ကြသည်။

“ယူနန်ပြည်နယ်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အား၏ ၉၀ ရာခိုင်နှုန်းသည် သန့်ရှင်းသော စွမ်းအင်ဖြစ်ပြီး ကုန်သွယ်ဖက်နိုင်ငံများနှင့် လျှပ်စစ်စွမ်းအင်ကုန်သွယ်မှု၏ ၉၇ ရာခိုင်နှုန်းသည်လည်း သန့်ရှင်းသောစွမ်းအင်ဖြစ်သည်။” ဟု ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် Song Guangxing ကပြောကြားခဲ့သည်။ တရုတ်နိုင်ငံတွင် ယူနန်ပြည်နယ်သည် ရေအားလျှပ်စစ်၊ လေအားလျှပ်စစ်နှင့် နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုတို့၌ ဦးဆောင် နေပါသည်။

ယူနန်ပြည်နယ်သည် စွမ်းအင်ဆိုင်ရာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၌ နိုင်ငံတကာသိပ္ပံနည်းပညာဆိုင်ရာ စီမံကိန်းပေါင်း ၁၀၂ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး BRI နိုင်ငံများနှင့် ပူးပေါင်းဓါတ်ခွဲခန်း ၂၁ ခုအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်အတွက် နိုင်ငံတကာသိပ္ပံနည်းပညာပူးပေါင်းဆောင်ရွက်မှု အခြေစိုက်စခန်း ၁၃ ခု ကိုလည်း ထူထောင်နိုင်ခဲ့သည်။

ယင်းဖိုရမ် အတွင်းတွင် တရုတ်-အာဆီယံ လူငယ်ဆန်းသစ်တီထွင်ရေးစခန်ကို ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် ၂၆ ဦးသည် ယူနန်ပြည်နယ်နှင့် ရှန်ဟိုင်းပြည်နယ် တို့တွင် (၇) ရက်ကြာ အပြန်အလှန်ဖလှယ်ခြင်းနှင့် စုံစမ်းစစ်ဆေးရေး ခရီးစဉ်များ ပြုလုပ်သွားမည်ဖြစ်သည်။

ဖိုရမ်အား တရုတ်နိုင်ငံက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ ကျင်းပလာခဲ့ရာ ယခု အခါ (၉) ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါသည်။ နိုင်ငံပေါင်း ၃၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ “စိမ်းလန်းသော စီးပွားရေး ပြန်လည်ထူထောင်ရေးအတွက် ပွင့်လင်းသော ပူးပေါင်းဆောင်ရွက်မှုယန္တရား တည်ဆောက်ခြင်း” ဟူသော ခေါင်းစဉ်အောက်တွင် ယခုနှစ်ဖိုရမ်ကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ တရုတ်နိုင်ငံ၏ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဌာနနှင့် ယူနန်ပြည်နယ် သိပ္ပံနှင့်နည်းပညာဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

အရင်းအမြစ်။ http://english.yunnangateway.com/html/2023/news_0630/31456.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)