China (Kunming)

တရုတ်နိုင်ငံသည် ချေးငွေအပါအဝင် ငွေကြေးထောက်ပံ့မှုများ တိုးမြှင့်သွားမည်

Last Updated:

တရုတ်နိုင်ငံသည် အငယ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများအတွက် ပါဝင်သော ချေးငွေထောက်ပံ့မှုများနှင့် အိမ်ယာကြိုတင်ရောင်းချမှုများအတွက် ချေးငွေများအား ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း တရုတ်ပြည်သူ့ဘဏ်(ဗဟိုဘဏ်)၏ ကြေညာချက်အရ သိရသည်။

ဗဟိုဘဏ်၏ ၂၀၂၃ ခုနှစ် ဒုတိယသုံးလပတ် ပုံမှန်အစည်းအဝေးမှ ဘဏ္ဍာရေး၊ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် အခြေခံအဆောင်အအုံတည်ဆောက်မှု စသည့်အဓိကဏ္ဍများနှင့် အားနည်းသော ဆက်စပ်လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလာသော်လည်း ပြည်တွင်း ဈေးကွက်အားကောင်းမှုနှင့် ဝယ်လိုအားမှာ နည်းပါးနေသေးကြောင်း ဆွေးနွေးပွဲမှ မှတ်ချက်ပြုခဲ့ပါသည်။

ဗဟိုဘဏ်အနေဖြင့် တိကျသေချာသော ငွေကြေးမူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စစ်မှန်သော စီးပွားရေးကို အထောက်အကူဖြစ်စေရန်အတွက် တန်ပြန်-စက်ဝိုင်းချိန်ညှိမှု (conter-cyclical adjustment) အားကောင်းလာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အစည်းအဝေး၌ ပြောကြားခဲ့သည်။

ချေးငွေကဏ္ဍ တဖြည်းဖြည်း တိုးတက်လာရန်နှင့် ငွေကြေးအခြေအနေများကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန် ငွေကြေးမူဝါဒ လွှဲပြောင်းရေးယန္တရားကို ချောချောမွေ့မွေ့ ဆောင်ရွက်မည်ဖြစ်သည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများကို ထိထိရောက်ရောက် လှုံ့ဆော်ပေးနိုင်သည့် မူဝါဒမက်လုံးများနှင့် အစိုးရရင်းနှီးမြှုပ်နှံမှု လမ်းညွှန်ချက်များ အားကောင်းနေချိန်တွင် မူဝါဒအခြေခံ၍ ဖွံ့ဖြိုးတိုးတက်ခြင်းဆိုင်ရာ ဘဏ္ဍာရေးလုပ်ဆောင်ချက်များနှင့် ရန်ပုံငွေများကို အပြည့်အဝထောက်ပံ့ပေးနိုင်ရေး ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း အစည်းအဝေး၌ တောင်းဆိုထားသည်။

တရုတ်ယွမ်ငွေ၏ ငွေလဲနှုန်းကို သင့်လျော်ပြီး ဟန်ချက်ညီသောအဆင့်တစ်ခုတွင် တည်ငြိမ်နေစေရန် ဈေးကွက်အခြေခံသည့် ငွေလဲနှုန်းပြုပြင်ပြောင်းလဲမှုများကို လေးလေးနက်နက် ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားရမည် ဖြစ်သည်။

အိမ်ယာကြိုတင်ရောင်းချမှုများအတွက် ပံ့ပိုးမှု သေချာစေသည့် ခိုင်မာသောလုပ်ဆောင်မှု၊ ပြည်သူများ၏ စားဝတ်နေရေးတည်ငြိမ်ရေးနှင့် အိမ်ခြံမြေဈေးကွက် တည်ငြိမ်ပြီး ကောင်မွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစည်းအဝေး၌ ဆွေးနွေးခဲ့ကြပါသည်။

Source: http://en.people.cn/n3/2023/0701/c90000-20038413.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)