Vietnam

ဆန်တင်ပို့မှုကို ချက်ခြင်းရပ်တန့်ရန်အစီအစဉ် မရှိကြောင်း ဗီယက်နမ်နိုင်ငံစားနပ်ရိက္ခာအသင်းမှ ပြောကြား

Last Updated:

အိန္ဒိယအနေဖြင့် ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းကြောင့် ကမ္ဘာ့ဆန်တင်ပို့မှုအပေါ် စိုးရိမ်မှုများဖြစ်ပေါ်လျက်ရှိရာ ဗီယက်နမ်နိုင်ငံမှ ဆန်တင်ပို့မှုအပေါ် ချက်ချင်းကန့်သတ်ရန် အစီအစဉ်မရှိကြောင်း နိုင်ငံ၏စားနပ်ရိက္ခာအသင်းမှ အကြီးတန်းအရာရှိတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

လက်ရှိအချိန်မှာ ဗီယက်နမ်ကုမ္ပဏီများအနေဖြင့် ဆန်ကို ပုံမှန်အတိုင်း တင်ပို့နေကြောင်း ဗီယက်နမ်စားနပ်ရိက္ခာအသင်း ဥက္ကဋ္ဌ Nguyen Ngoc Nam မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် အိန္ဒိယနိုင်ငံအနေဖြင့် ပြီးခဲ့သည့်တစ်ပတ်ကျော်က ၎င်း၏အကြီးမားဆုံးပို့ကုန်ဖြစ်သည့် ဆန်တင်ပို့မှုကို ရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့ပါသည်။ ၎င်းအကျိုးဆက်အဖြစ် ပြည်တွင်းဈေးနှုန်းများ ငြိမ်သက်သွားပါသည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံပြီးပါက ကမ္ဘာ့တတိယအကြီးဆုံး ဆန်တင်ပို့သည့် ဗီယက်နမ်နိုင်ငံ၌ ဇူလိုင်လ ၂၀ ရက်နေ့တွင် အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက် ထုတ်ပြန်ပြီးနောက် ဆန်ဈေးနှုန်းများ မြင့်တက်လာပါသည်။  ဆန်ကွဲ ၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်သည် တနင်္လာနေ့က မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၀ မှ ၅၇၅ ထိမြင့်တက်ခဲ့ကြောင်း၊ ဒေါ်လာ ၅၁၅ မှ ၅၂၅ ကြားသာရှိခဲ့ရာမှ ၂၀၁၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်ကြောင်း သိရှိရပါသည်။

အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက် ထုတ်ပြန်ပြီးနောက် ဗီယက်နမ်စက်မှုလက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက အသင်းအားပြည်တွင်းဆန်ထောက်ပံ့မှုနှင့် စားနပ်ရိက္ခာဖူလုံမှု ရှိစေရန် တောင်းဆိုခဲ့ပြီး ပြည်တွင်းဈေးနှုန်းတည်ငြိမ်စေရန် ပို့ကုန်နှင့်ပြည်တွင်း‌ရောင်းချမှုကြား ဟန်ချက်ညီစေရေးဆောင်ရွက်ရန် ကုန်သည်များအား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ၇လအတွင်း ဗီယက်နမ်မှ ဆန်တင်ပို့မှုသည် ယခင်နှစ်ကထက် တန်ချိန် ၄.၈၄ သန်းအထိ ၁၈.၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ဤကာလအတွင်း ဆန်တင်ပို့မှုမှ အခွန်ဘဏ္ဍာငွေ အမေရိကန်ဒေါ်လာ ၂.၅၈ ဘီလီယံဖြင့် ၂၉.၆ ရာခိုင်နှုန်းတိုးမြှင့် ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ အိန္ဒိယမျိုးဖြစ်သည့် ဆန်များ အပါအဝင် ဆန်တင်ပို့မှုနှင့် ပြန်လည်တင်ပို့မှုများကို လေးလကြာ ပိတ်ပင်မည်ဖြစ်ကြောင်း သောကြာနေ့က ကြေညာခဲ့သည်။

ဖိလစ်ပိုင်သမ္မတ မားကို့စ်မှ နိုင်ငံအနေဖြင့် ပြည်တွင်းစပါးရိတ်သိမ်းချိန် အယ်နီညိုသက်ရောက်မှုကြောင့် အရန်ဆန်များကို တိုးမြှင့်ရရှိရေး အရေးကြီးပါကြောင်း၊ သို့ဖြစ်ရာ အိန္ဒိယနိုင်ငံနှင့် သဘောတူညီချက်ရယူရမှာဖြစ်ကြောင်း စနေနေ့က ပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်သည် ဗီယက်နမ်၏ ဆန်အများဆုံးဝယ်ယူသူဖြစ်ကြောင်းလည်း ဖော်ပြထားပါသည်။

Source : Vietnam Economic News

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam