Thailand

မိုးခေါင်လာမှုကြောင့် ရေပြတ်လပ်မှုကို စိုးရိမ်သဖြင့် အချို့ဒေသများတွင် ဆန်စပါးစိုက်ပျိုးမှုကို ရပ်နား ထားရန် ထိုင်းအစိုးရ စဉ်းစားလာနိုင်

Last Updated:

ထိုင်းနိုင်ငံ အလယ်ပိုင်းလွင်ပြင်ဒေသများတွင် ရေချွေတာရန်အတွက် ယင်းဒေသတွင် ဆန်စပါးစိုက်ပျိုးမှုကို ရပ်ဆိုင်းထားရန်နှင့် ရေပြဿနာဖြေရှင်းရန် စင်တာတစ်ခုတည်ထောင်ရန် အစိုးရအနေဖြင့် ညွှန်ကြားလာနိုင်ကြောင်း နိုင်ငံအဆင့် ရေအရင်းအမြစ်ရုံး၏ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Surasri Kidtimonton က ပြောကြားပါသည်။

ယခုနှစ် မိုးရွာသွန်းမှုသည် ပျှမ်းမျှထက်ပင်နည်းနေပါကြောင်း၊ ပိုမိုခြောက်သွေ့လာသော မိုးရာသီဖြစ်လာကြောင်း၊ ထိခိုက်မှုအများဆုံးမှာ နိုင်ငံ၏ ဆန်စပါး ခါးပတ်ဟု အမည်ပေးထားသည့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုမှာ ၄၀ ရာခိုင်နှုန်းသာရှိကြောင်း၊ နေရာအနှံ့ ရေရှားပါးမှု ဖြစ်ပေါ်နေပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အဓိကရေလှောင်ကန်ကြီး ၄ ခုတွင်လည်း ရေသည် ပျှမ်းမျှထက်ပင် နည်းနေပါကြောင်း၊ ရေ ပမာဏ ၉,၆၁၇ သန်း ကုဗမီတာသာရှိကြောင်း၊ လက်ရှိတွင် ၂,၉၂၁ သန်းကုဗမီတာသာ သုံးနိုင်ပါကြောင်း၊ အယ်နီညို ရာသီဥတုဖြစ်စဉ်များ ၂၀၂၅ ခုနှစ်ထိ ရှည်ကြာသွားမည်ကို စိုးရိမ်ကြပါကြောင်း၊ နိုင်ငံနှင့်အဝှမ်း ရေစီမံခန့်ခွဲမှုအတွက် အစီအစဉ်များ ဆောင်ရွက်ထားသင့်ကြောင်း၊ အလယ်ပိုင်း လွင်ပြင်ဒေသတွင် လယ်ယာမြေများ များပြားစွာ စိုက်ပျိုးပြီး ရေပမာဏများစွာကို ဆန်စပါး စိုက်ပျိုးရန် အသုံးပြုကြပါကြောင်း Mr. Surasri ဖြည့်စွက်ပြောကြားပါသည်။

စိုက်ပျိုးမှု မစတင်သေးသော တောင်သူများကို နောက်ကျပြီးမှ စိုက်ပျိုးရန် သို့မဟုတ် မိုးခေါင်မှုဒဏ်ခံနိုင်ရည်ရှိသော အပင်များစိုက်ပျိုးရန် တိုက်တွန်းနိုင်ကြောင်း၊ ကော်မတီအနေဖြင့် ဒေသတွင်းရှိ မြစ်များသို့ ရင်းမြစ်များစွာမှ ရေရရှိနိုင်ရန် စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ အိမ်ထောင်စု များ ရေသုံးစွဲနိုင်ရန်အတွက် ဦးစားပေးအနေဖြင့် ရေဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း အကြံပြုထား ပါသည်။

 နိုင်ငံအဆင့် ရေအရင်းအမြစ်ကော်မတီ၏ ဥက္ကဋ္ဌဖြစ်သော ဝန်ကြီးချုပ် Prayut-o-cha အနေဖြင့် ရေပြဿနာဖြေရှင်းရန် စင်တာတစ်ခုတည်ထောင်ရန် ညွှန်ကြားလာနိုင်ကြောင်း၊ လိုအပ် ပါက ရေပြတ်လပ်မှုပြင်းထန်စွာခံစားနေရသည့် ဒေသများတွင် ဆန်စိုက်ပျိုးမှု ရပ်နားထားရန် ညွှန်ကြားချက်ထုတ်ပြန်လာနိုင်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများသည် ရေကိုချွေတာသုံးရန် ဖြစ်ကြောင်း Mr. Surasri က ပြောကြားပါသည်။

 

 

Source: www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand