ဒူဘိုင်းအစိုးရမှ ရာနှုန်းပြည့်ပိုင်ဆိုင်သည့် Dragon Oil ကုမ္ပဏီသည် ၎င်း၏လက်ရှိအဆင့် ဖြစ်သည့် နေ့စဉ်ရေနံထုတ်လုပ်မှုပမာဏ ၂၁၀,၀၀၀ bpd မှ ၄၅၀,၀၀၀ bpd သို့ လာမည့်ငါးနှစ် အတွင်း နှစ်ဆတိုးထုတ်လုပ်သွားရန် စီစဉ်လျှက်ရှိပါသည်။
ဒူဘိုင်းတွင်ပြသလျှက်ရှိသည့် ၂၆ ကြိမ်မြောက် ရေ၊ စွမ်းအင်၊ နည်းပညာနှင့် သဘာဝပတ်ဝန်း ကျင်ပြပွဲ (WETEX) ၂၀၂၄ တွင် Dragon Oil ရေနံကုမ္ပဏီ၏ CEO ဖြစ်သူ Ali Rashid Al Jarwan က ကုမ္ပဏီသည် ၎င်းတို့၏ကမ္ဘာလုံးဆိုင်ရာ ရပ်တည်မှုအဆင့်အတန်းကို မြှင့်တင်ရန် ရည်ရွယ်ပြီး ပြည့်စုံသောမဟာဗျူဟာမျှော်မှန်းချက်၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် လာမည့်ငါးနှစ်အတွင်း ၎င်းတို့၏ ထုတ်လုပ်မှုပမာဏကို နှစ်ဆတိုးချဲ့သွားရန် ရည်မှန်းချက်ကြီးမားစွာ ထားရှိကြောင်း ပြောကြားခဲ့ပါသည်။
Al Jarwan က ကုမ္ပဏီမှ နှစ်စဉ်ထုတ်လုပ်မှုတိုးတက်မှုကို ၁၀ % မှ ၁၃ % အထိ ပေးဆောင်လျှက်ရှိကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။
လွန်ခဲ့သည့်ခုနစ်နှစ်အတွင်းက ထုတ်လုပ်မှု၏ သိသာထင်ရှားသော တိုးတက်မှုနှုန်းမှာ တစ်ရက်လျှင် ရေနံစည်ပေါင်း ၇၀,၀၀၀ မှ ၂၁၀,၀၀၀ အထိ တိုးမြင့်ထုတ်လုပ်လာနိုင်ခဲ့ကာ ကုမ္ပဏီ၏ အင်အားနှင့် ရေနံမြေများတွင် တိုးချဲ့ရင်းနှီးမြှုပ်နှံနိုင်မှုတို့ကို အလေးပေးဖော်ပြခဲ့ပါသည်။
အနာဂတ်ရင်းနှီးမြှုပ်နှံမှုများတွင် ကုမ္ပဏီ၏ဘတ်ဂျက်ပမာဏသည် နှစ်စဉ်အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံရှိပြီး ရင်းနှီးမြှုပ်နှံမှုအတွက်ဒေါ်လာ ၁ ဘီလီယံခွဲဝေပေးထားကာ လုပ်ငန်းလည်ပတ်မှုများအတွက် ဒေါ်လာ သန်း ၅၀၀ ထားရှိကြောင်း ၎င်းကရှင်းလင်းပြောကြားခဲ့ပါသည်။
အီဂျစ်၊ အီရတ်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများတို့အပါအဝင် အဓိကစျေးကွက်အများအပြား တွင် လုပ်ငန်းလည်ပတ်လျှက်ရှိသော Dragon Oil ရေနံကုမ္ပဏီသည် အဆိုပါဈေးကွက်များတွင် လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်မှုများ ဆောင်ရွက်လျှက်ရှိပြီး ကုမ္ပဏီအား ပြိုင်ဆိုင်နိုင်မှုနှင့် ချဲ့ထွင်မှုတို့ကို တိုးမြှင့်ပေးသည့် အဆိုပါနိုင်ငံများနှင့် ၎င်းတို့၏ ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုများကို အသုံးချလျှက်ရှိကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်ကို သတင်းဌာနမှ ဖော်ပြထားပါသည်။
Source: Emirates News Agency
Nanda Soe Myint Economic Counsellor (Dubai)
 
                         
                        