ယူအေအီးနိုင်ငံ အမျိုးသားရေနံကုမ္ပဏီ (ENOC) ၏ အုပ်စုအမှုဆောင်အရာရှိဖြစ်သူ Saif Humaid Al Falasi က ကုမ္ပဏီ၏ ဂျက်ဘဲအလီရေနံချက်စက်ရုံနှင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအစိတ်အပိုင်းတစ်ရပ်အဖြစ် နိုင်ငံတစ်ဝှမ်းရှိ စက်သုံးဆီဆိုင်များ၏ ကွန်ရက်ကို ချဲ့ထွင်ရန် အစီအစဉ်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။
ဒူဘိုင်းတွင်ပြသလျှက်ရှိသည့် ၂၆ ကြိမ်မြောက် ရေ၊ စွမ်းအင်၊ နည်းပညာနှင့် သဘာဝပတ်ဝန်း ကျင်ပြပွဲ (WETEX) ၂၀၂၄ တွင် Al Falasi က ENOC သည် သမာရိုးကျစက်သုံးဆီ အရောင်းဆိုင်များထက် ကုန်ကျစရိတ် ပိုမိုသက်သာသည့် မိုဘိုင်းစက်သုံးဆီဆိုင်များကို တီထွင် လျှက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ဤသို့သော ရွေ့လျားစက်သုံးဆီဆိုင်များသည် AED ၂၀ - ၃၀ သန်းအထိကုန်ကျနိုင်သည့် သမာရိုးကျအစဉ်အလာ စက်သုံးဆီဆိုင်များ၏ ကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက တစ်ခုချင်းစီအတွက် AED ၁-၂ သန်း အထိသာ ကုန်ကျမှုရှိကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
၎င်းက ဤရွေ့လျားစွမ်းအင်ဖြည့်ဆီးရေး စခန်းများသည် သက်ဆိုင်ရာဒေသများရှိ ၀ယ်လိုအားနှင့် ယာဉ်ကြောပိတ်ဆို့မှုတို့ကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ၎င်းတို့၏ တည်ရှိရာနေရာများကို ချိန်ညှိနိုင်သောကြောင့် မတူညီသောဒေသများရှိ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး လိုက်လျောညီထွေရှိသောဖြေရှင်းချက်တစ်ရပ်အား ပေးစွမ်းနိုင်သည်ဖြစ်ကြောင်းကို ဆက်လက်ပြောကြားခဲ့ပါသည်။
ယူအေအီးနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအတွက် ဒစ်ဂျစ်တယ် မိုဘိုင်းလ်စက်သုံးဆီ ပေးပို့ခြင်း ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ကမ္ဘာ့ပထမဆုံးသောအွန်လိုင်း 'eLink Station' တစ်ခုဖြစ်သည့် ENOC Link သည် မော်တော်ယာဉ်မောင်းနှင်သူများနှင့် သုံးစွဲသူများမှ လွယ်ကူစွာ ဝင်ရောက်နိုင်ပြီး အဆင်ပြေစေမည့် လောင်စာဆီဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ဆန်းသစ်သော ဒစ်ဂျစ်တယ်စနစ်များ တပ်ဆင်ထားသည့် နေရောင်ခြည်စွမ်းအင်သုံး စက်သုံးဆီဆိုင်သည် ဝယ်ယူသူများအား ယုံကြည်စိတ်ချရသော ဒီဇယ်နှင့်ဇီဝဒီဇယ်များအား ထောက်ပံ့ပေးလျှက်ရှိကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source: Emirates News Agency
Nanda Soe Myint Economic Counsellor (Dubai)