Singapore

စင်ကာပူစီးပွားရေးအသင်း (Singapore Business Federation – SBF) နှင့် Bain တို့က အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို ဦးတည်သည့် အစီအစဉ်တစ်ခုဆောင်ရွက်

Last Updated:

စင်ကာပူစီးပွားရေးအသင်း (Singapore Business Federation – SBF) နှင့် စီမံခန့်ခွဲမှု အတိုင်ပင်ခံကုမ္ပဏီဖြစ်သည့် Bain တို့က စင်ကာပူ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အထောက်အကူဖြစ်စေမည့် အစီအစဉ်ကို ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ SBF နှင့် Bain တို့ကပြုလုပ်သည့် စစ်တမ်းအရ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအတွက် စွမ်းဆောင်ရည်မရှိခြင်း၊ နားလည်သိရှိမှုအားနည်းခြင်း၊ ငွေကြေးအထောက် အပံ့မရှိခြင်းတို့မှာ စင်ကာပူအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ အဓိကစိန်ခေါ်မှုများဖြစ်ကြောင်း တွေ့ရှိရပါသည်။

SBF နှင့် Bain တို့က ဆောင်ရွက်ပေးမည့် သင်တန်းအစီအစဉ်မှာ လုပ်ငန်းကဏ္ဍအလိုက် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ချိတ်ဆက်ပေးခြင်း၊ ငွေကြေးအဖွဲ့အစည်းများနှင့် ရန်ပုံငွေထောက်ပံ့ပေးသူများနှင့် ချိတ်ဆက်ပေးခြင်းဖြင့် စင်ကာပူ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါသည်။

အဆိုပါအစီအစဉ်အရ AI အခြေခံသည့် စနစ်တစ်ခုကို အသုံးပြုရန်လည်း စီစဉ်ထားပြီး ယင်းစနစ်သည် ဆန်းစစ်ချက်များပြုလုပ်ရာတွင်လည်းကောင်း၊ ကာဗွန်ထုတ်လွှတ်မှုနှင့် စပ်လျဉ်း၍ လုပ်ငန်းကဏ္ဍအလိုက် မဟာဗျူဟာများ၊ ဦးတည်ချက်များ ချမှတ်ရာတွင်လည်းကောင်း အချိန် ကုန်သက်သာစေမည်ဖြစ်ပါသည်။ ၈ပတ်တာ အစီအစဉ် အပြီးတွင် စင်ကာပူ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် လိုအပ်ပါက လမ်းညွှန်မှုများ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ဩဂုတ်လအတွင်း စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီ ၂၁ ခုကို စမ်းသပ်အစီအစဉ်အနေဖြင့် ဆောင်ရွက်ခဲ့ရာတွင် ၎င်းတို့၏ ၈၀ ရာခိုင်နှုန်းမှာ ကာဗွန်ထုတ်လွှတ်မှုအခြေခံကို ပထမဆုံးအကြိမ်အဖြစ် အကောင်အထည်ဖော်ခဲ့ပါသည်။ စမ်းသပ်အစီအစဉ်တွင် ပါဝင်သည့် ကုမ္ပဏီများအတွက် သတ်မှတ်ထားသည့် ကာဗွန်ထုတ်လွှတ်မှု လျှော့ချခြင်းဖြင့် လုပ်ငန်းလည်ပတ်ရာတွင် သုံးစွဲရသည့် စွမ်းအင်ကုန်ကျစရိတ်ကို ၄၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါသည်။

SBF နှင့် Bain တို့အနေဖြင့် အစီအစဉ်တွင် စားသောက်ကုန်ထုတ်လုပ်သည့်ကဏ္ဍရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပိုမိုပါဝင်နိုင်ရေး ရည်ရွယ်ထားပြီး လာမည့်နှစ်တွင် အခြားလုပ်ငန်းကဏ္ဍ ၂ ခု၊ ၃ ခုကိုပါ အစီအစဉ်တွင်ပါဝင်နိုင်ရန် မျှော်မှန်းထားပါသည်။ လာမည့် ၅ နှစ်အတွင်း ကုမ္ပဏီပေါင်း ၈၀၀ မှ ၁၀၀၀ အထိ အထောက်အပံ့ပေးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအစဉ်တွင် ထပ်မံပါဝင်နိုင်မည့် လုပ်ငန်းကဏ္ဍများကို ကာဗွန်ထုတ်လွှတ်မှု အဆင့်အလိုက်နှင့် စင်ကာပူနိုင်ငံတွင် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နေမှုတို့အပေါ် အခြေခံ၍ စဉ်းစားဆုံးဖြတ်မည်ဖြစ်ပါသည်။

လက်ကားကုန်သွယ်မှု၊ ကျွမ်းကျင်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၊ စက်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများအပါအဝင် လုပ်ငန်းကဏ္ဍပေါင်း‌ ၂၀ မှ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်း ၄၇၆ ခုကို စစ်တမ်းကောက်ယူရာတွင် ယင်းလုပ်ငန်းများ၏ ၃၄ ရာခိုင်နှုန်းမှာ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးအစီအစဉ်ကို ဆောင်ရွက်လျက်ရှိပြီး အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။ အလယ်အလတ်အဆင့် သို့မဟုတ် အဆင့်မြင့် အဆင့်အနေဖြင့် ကာဗွန်ထုတ်လွှတ်မှုဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်း၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးဦးတည်ချက်များ ချမှတ်ခြင်း၊ ကာလရှည် မဟာဗျူဟာများ ချမှတ်ခြင်းတို့ကို ဆောင် ရွက်လျက်ရှိပါသည်။

SBF နှင့် Bain တို့ကဆောင်ရွက်မည့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအစီအစဉ်သည် စင်ကာပူနိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး လုပ်ငန်းစဉ်များတွင် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ကူညီထောက်ပံ့မှုတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

ရင်းမြစ်။        The Business Times

စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ စင်ကာပူမြို့

Category: Singapore