Thailand

ထိုင်းနိုင်ငံ၊ ယစ်မျိုးခွန်ဦးစီးဌာနက ကာဗွန်အခွန်ကောက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

စင်ကာပူနိုင်ငံက ကောက်ခံလျက်ရှိသည့် ကာဗွန်ကဲ့သို့ သန့်စင်ပြီးဆီပေါ်တွင် ကာဗွန်အခွန်ကောက်ခံနိုင်ရေး ထိုင်းနိုင်ငံ ယစ်မျိုးခွန်ဦးစီးဌာနက စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးဖြစ်သည့် ကာဗွန်အခွန်ကောက်ခံရေးဆိုင်ရာဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းကို အစိုးရအဖွဲ့အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ အခွန်သည် ကာဗွန် ၁ တန်လျှင် ဘတ် ၂၀၀ ကောက်ခံသွားမည်ဖြစ်ပြီး ပထမဆုံးကာဗွန်အခွန် ကောက်ခံသည့် အာရှနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ၏ နှုန်းထားဖြစ်သည့် စင်ကာပူဒေါ်လာ ၅ ဒေါ်လာ အတိုင်းဖြစ်ပါကြောင်း၊ မကြာသေးမီက စင်ကာပူသည် ကာဗွန် ၁ တန်လျှင် အခွန်ကို စင်ကာပူဒေါ်လာ ၂၅ ဒေါ်လာ (ဘတ် ၆၂၉) သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း၊ ကာဗွန်အခွန်သည် ပြည်သူများအသုံးပြုသော ဆီအပေါ် ကောက်ခံမည်မဟုတ်သဖြင့် ဆီ၏အခွန်နှုန်းထားမပြောင်း လဲပါကြောင်း၊ လက်ရှိဆီအပေါ်တွင် ကောက်ခံသည့် နှုန်းမှာ ၁ လီတာလျှင် ၆.၄၄ ဘတ်ဖြစ်သဖြင့် ဒဿမ ၄၅ သည် ကာဗွန်အခွန်အတွက် ဖြစ်မည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချနိုင်ပါက အခွန်နည်းနိုင်မည်ဖြစ်ကြောင်း ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် Mr. Kkniti Nitithanprapas က ရှင်းလင်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံသည် နှစ်စဉ် ကာဗွန်တန်ချိန် ၃၇၂ သန်း ထုတ်လွှတ်လျက်ရှိပြီး ၇၀ ရာခိုင်နှုန်း သည် စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများမှ ဖြစ်ပါကြောင်း၊ စွမ်းအင်ကဏ္ဍတစ်ခုတည်းမှ ၃၇ ရာခိုင်နှုန်း ထုတ်လွှတ်လျက်ရှိပါကြောင်း၊ နိုင်ငံတကာ သဘောတူညီချက်များအပေါ် ထိုင်းနိုင်ငံ၏ ကတိကဝတ်ကို ပြည့်မီစေရေးအတွက် ကာဗွန်ထုတ်လွှတ်မှုကို တန်ချိန် ၃၁၄,၀၀၀ ထိ လျှော့ချပေးနိုင်သော လျှပ်စစ်မော်တော်ကားကဏ္ဍ မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝပတ်ဝန်းကျင်-လူမှုရေး-အုပ်ချုပ်ရေး ဦးတည်သော အေဂျင်စီဖြစ်လိုသည့် ဦးစီးဌာနအနေဖြင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးသည့် bioethylene အပေါ် အခွန်သုညရာခိုင်နှုန်း သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ bioethylene သည် ပီလောပီနံအပင်မှရရှိပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သည့် ဘိုင်အိုပလတ်စတစ် ထုတ်လုပ်နိုင်ပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ရည်ရွယ်သည့် Facility များဖြင့် ပြင်ဆင် ထားသည့် ခရီးသည်တင်ယာဉ်များအပေါ် အခွန်သုညရာခိုင်နှုန်း သတ်မှတ်နိုင်ရေးလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခင်ကာလများတွင် ပြည်သူများ၏ ကျန်းမာရေးအတွက် သကြားအခွန်ကို မိတ်ဆက်ခဲ့ပါကြောင်း၊ သကြားပါဝင်မှု ၁၄ ဂရမ်အထက်ရှိသော အဖျော် ယမကာများတွင် အခွန် ၅ ဘတ်၊ ၁၀ ဂရမ်ပါဝင်ခဲ့လျှင် အခွန် ၃ ဘတ်နှင့် ၈ ဂရမ်ပါဝင်ခဲ့ပါက အခွန် ၁ ဘတ် စသည်ဖြင့် ကောက်ခံခဲ့ပြီး ၆ ဂရမ်အောက် နည်းပါက ကင်းလွတ်ခွင့်ရရှိပါကြောင်း၊ ရလဒ်အနေဖြင့် ထုတ်လုပ်သူများသည် အဖျော်ယမကာများတွင်  သကြားပါဝင်မှုနှုန်းကို လျှော့ချနိုင်ခဲ့ပြီး ၁ လီတာ လျှင် သကြား ၁၄ ဂရမ် ပါဝင်မှုကြောင့် လီတာ ၈၁၉ သန်းမှ ၁၆ သန်းအထိ လျှော့ချနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ယစ်မျိုးခွန်ဦးစီးဌာနအနေဖြင့် ဘတ် ၄၈၂ ဘီလီယံ  ဝင်ငွေ ကောက်ခံနိုင်ခဲ့ပြီး ဘတ် ၅၂၀ ဘီလီယံသို့ ရောက်ရှိရန် ခန့်မှန်းထားပါကြောင်း၊ ၂၀၂၅ ဘဏ္ဍာနှစ် တွင် ဝင်ငွေ ဘတ် ၆၀၀ ဘီလီယံ ရရှိရန် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

Category: Thailand