China (HongKong)

စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၌ လက်လီရောင်းချမှု ၆.၉ ရာခိုင်နှုန်းကျဆင်း

Last Updated:

စက်တင်ဘာလအတွင်း စုစုပေါင်းလက်လီရောင်းချမှုတန်ဖိုးသည် ယခင်နှစ်အလားတူကာလထက် ၆.၉ ရာခိုင်နှုန်းကျဆင်းသည်ဟု ဟောင်ကောင်ဒေသအစိုးရ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် အချက်အလက်များတွင်ဖော်ပြထားကြောင်း “Sep retail sales drop 6.9%” ခေါင်းစဉ်ဖြင့် ဟောင်ကောင်ဒေသအစိုးရသတင်းထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားပါသည်။

စက်တင်ဘာလအတွင်း စုစုပေါင်း လက်လီရောင်းချမှုတန်ဖိုးအနက် အွန်လိုင်းရောင်းချမှု ၁၀.၄ ရာခိုင်နှုန်းပါဝင်ပြီး၊ ထိုပမာသည်ယခင်နှစ်အလားတူကာလရောင်းချမှုတန်ဖိုးထက် ၁၁.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ စူပါမားကတ်များတွင် ရောင်းကျသည့် ကုန်စည်များ ရောင်းချမှုတန်ဖိုးမှာလည်း ယခင်နှစ်ကထက် ၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အရောင်းကျဆင်းသည့် ကုန်စည်များမှာ အီလက်ထရောနစ်ကုန်စည်များနှင့် အခြားသော တာရှည်ခံလူသုံးကုန်ပစ္စည်းများ၊ နာရီနှင့် အဖိုးတန် လက်ဆောင်ပစ္စည်းများ၊ အစားအစာ၊ ယမကာနှင့် ဆေးလိပ်များ၊ အဝတ်အထည်များ၊ ဆေးဝါးနှင့် အလှကုန်များ၊ ကုန်တိုက်များတွင် ရောင်းချသည့် ကုန်စည်များ၊ မော်တော်ယာဉ်နှင့် အစိတ်အပိုင်းများ၊ လောင်စာများ၊ ပရိဘောဂများ၊ ဖိနပ်များနှင့် အခြားသော ဆက်စပ်ကုန်စည်များ ၊ တရုတ်ဆေးဝါးများနှင့် ဆေးဘက်ဝင်အပင်များ၊ မျက်မှန်ဆိုင်များဖြစ်ပါသည်။  အရောင်းမြင့်တက်သည့် ကုန်စည်များမှ စာအုပ်၊ သတင်းစာ၊ စာရေး ကိရိယာနှင့် လက်ဆောင်ပစ္စည်းများဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေသခံများနှင့် ဟောင်ကောင်ဒေသသို့ လာရောက်သည့် ခရီးသွားများ၏ သုံးစွဲမှုပုံစံ ပြောင်းလဲလာခြင်းကြောင့် လက်လီရောင်းချမှုကဏ္ဍအပေါ် ဆက်လက်သက်ရောက်မှုရှိနေမည်ဖြစ်သည်ဟု အစိုးရတာဝန်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ထို့ပြင် ဟောင်ကောင်ဒေသအတွက် အကျိုးဖြစ်ထွန်းစေသည့် တရုတ်ပြည်မ၏ ဆောင်ရွက်ချက်များ၊   ဟောင်ကောင်ဒေသအစိုးရ၏ ဈေးကွက်မြှင့်တင်ရေးဆောင်ရွက်ချက်များနှင့် လုပ်သားဝင်ငွေ တိုးမြင့်လာခြင်းတို့ကြောင့် လက်လီရောင်းချမှုကဏ္ဍအပေါ် အကျိုးဖြစ်ထွန်းစေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့

Category: China (HongKong)