China (HongKong)

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွက် ဟောင်ကောင်ဒေသ၏ ပြင်ပကုန်သွယ်မှု စာရင်းဇယား ထုတ်ပြန်

Last Updated:

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်/သွင်းကုန်တန်ဖိုးများ အသီးသီး မြင့်တက်ခဲ့ရာ စုစုပေါင်း ပို့ကုန်တန်ဖိုး ၄.၇ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၃၉၈.၁ ဘီလီယံအထိ မြင့်တက်လာခဲ့ပြီး၊ သွင်းကုန်တန်ဖိုး ၁.၄ ရာခိုင်နှုန်း၊ ဟောင်ကောင်ဒေါ်လာ ၄၅၁.၃ ဘီလီယံ တိုးမြင့်ရောက်ရှိခဲ့ကာ ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၅၃.၂ ဘီလီယံရှိခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ ထုတ်ပြန်သည့် ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များတွင် ဖော်ပြထားပါသည်။

 ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း စုစုပေါင်း ပို့ကုန်တန်ဖိုးသည် ၂၀၂၃ ခုနှစ် အလားတူကာလထက် ၁၀.၇ ရာခိုင်နှုန်း၊ သွင်းကုန်တင်သွင်းမှုတန်ဖိုး ၇.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ ၂၇၀.၀ ဘီလီယံရှိခဲ့ကြောင်း ရေးသားဖော်ပြထား ပါသည်။

နိုင်ငံ/ဒေသအလိုက် ပို့ကုန်တင်ပို့မှုအနေဖြင့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသမှ အာရှဒေသသို့ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားကာလနှင့်နှိုင်းယှဉ်ပါက ၆.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အာရှဒေသအတွင်း၌ ဟောင်ကောင်ဒေသ၏ အဓိကပို့ကုန် ဈေးကွက်များ ဖြစ်သည့် ဗီယက်နမ် (၃၃.၀ ရာခိုင်နှုန်း)၊ ထိုင်းနိုင်ငံ (၁၉.၈ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁၂.၃ ရာခိုင်နှုန်း) တို့သို့ ပို့ကုန်တင်ပို့မှု တန်ဖိုးမြင့်တက်ခဲ့ပြီး၊ ပို့ကုန် တန်ဖိုးကျဆင်းသည့် နိုင်ငံ/ဒေသ များမှာ အိန္ဒိယ (-၂၂.၉ ရာခိုင်နှုန်း)၊ ကိုရီးယား (-၂၂.၅ ရာခိုင်နှုန်း) နှင့် ထိုင်ဝမ်ဒေသ (-၁၈.၈ ရာခိုင်နှုန်း) တို့ဖြစ်ပါသည်။

 ဟောင်ကောင်ဒေသ၏ အာရှဒေသပြင်ပ အဓိကပို့ကုန်တင်ပို့ရာဒေသများအနက် နယ်သာလန် (၁၆.၄ ရာခိုင်နှုန်း) သို့ စုစုပေါင်း ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်ခဲ့ပြီး၊  ဆွစ်ဇာလန် (-၂၁.၉ ရာခိုင် နှုန်း) နှင့် အမေရိကန် (-၂.၃  ရာခိုင်နှုန်း) တို့သို့ စုစုပေါင်းတင်ပို့မှုတန်ဖိုး ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 သွင်းကုန်တင်သွင်းမှုတွင် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း သွင်းကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန် တင်သွင်းရာ နိုင်ငံ/ဒေသများဖြစ်သည့် ဗီယက်နမ်နိုင်ငံ (၂၄.၄ ရာခိုင် နှုန်း)၊ ထိုင်ဝမ် (၁၇.၄ ရာခိုင်နှုန်း) ၊ ဖိလစ်ပိုင် (၁၆.၁ ရာခိုင်နှုန်း) ၊ ကိုရီးယား (၁၃.၅ ရာခိုင်နှုန်း)၊ ဂျပန် (၉.၄ ရာခိုင်နှုန်း) နှင့် တရုတ်ပြည်မ (၁.၁ ရာခိုင်နှုန်း) တို့မှသွင်းကုန်တင်သွင်းမှုတန်ဖိုး မြင့်တက်ခဲ့ပါသည်။ သို့သော် ထိုင်းနိုင်ငံ (-၁၅.၇ရာခိုင်နှုန်း) နှင့် အမေရိကန် (-၉.၈ ရာခိုင်နှုန်း) တို့မှ သွင်းကုန်တင်သွင်းမှု တန်ဖိုး ကျဆင်းခဲ့ပါသည်။

ကုန်စည်အလိုက် ပို့ကုန်/သွင်းကုန် အတက်အကျအနေဖြင့် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ အဓိကကုန်စည် အုပ်စုအချို့၏ ပို့ကုန်တန်ဖိုး မြင့်တက်ခဲ့ပြီး အထူးသဖြင့် "office machines and automatic data processing machines"  ပို့ကုန်တန်ဖိုး (၅၂.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၉.၃ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

သွင်းကုန်တင်သွင်းမှုအပိုင်းတွင် ဟောင်ကောင်ဒေသ၏ အဓိက သွင်းကုန်အုပ်စုအချို့၏ တင်သွင်းမှုတန်ဖိုး မြင့်တက်ပါသည်။ အထူးသဖြင့် "office machines and automatic data processing machines" ပို့ကုန်တန်ဖိုး (၅၂.၈ ရာခိုင်နှုန်း) ဟောင်ကောင်ဒေါ်လာ ၁၉.၃ ဘီလီယံ မြင့်တက်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခင်နှစ် စာရင်းဇယားများနှင့် နှိုင်းယှဉ်ပါက ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုတန်ဖိုး ဆက်လက်တိုးတက်လာကြောင်း၊ တရုတ်ပြည်မနှင့် ဥရောပသမဂ္ဂ သို့ တင်ပို့မှု  ပိုမိုမြင့်တက်ခဲ့သော်လည်း အမေရိကန် နှင့်  အာရှဒေသရှိ အဓိက ဈေးကွက်များသို့ တင်ပို့မှုများ  ကျဆင်းခဲ့သည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ကုန်သွယ်မှုဆိုင်ရာ အငြင်းပွားမှုများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမရေရာမှုများသည် ဟောင်ကောင်ဒေသ၏ ပို့ကုန်တင်ပို့မှုအပေါ် အကျိုးသက်ရောက်နိုင်သော်လည်း တရုတ်ပြည်မ၏ စီးပွားရေးတိုးတက်မည့် မျှော်မှန်းချက် မြင့်တက်လာခြင်းကြောင့် ဟောင်ကောင်ဒေသ၏ စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် အခြေအနေကို အသေအချာ စောင့်ကြည့်နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့

 

 

Category: China (HongKong)